အာဖဂန်နစ္စတန်သည် အိန္ဒိယ၏ ‘ကိုလိုနီ’ ဖြစ်လာကြောင်း ပါကစ္စတန် ပြောကြား
အာဖဂန်နစ္စတန်ရှိ တာလီဘန်အစိုးရသည် ၎င်းတို့နိုင်ငံကို အိန္ဒိယ၏ ကိုလိုနီတစ်ခုအဖြစ်ပြောင်းလဲပစ်လိုက်ပြီဖြစ်ကြောင်း ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး Khawaja Asif က ပြောကြားလိုက်သည်။ အစ္စလာမ္မာဘတ်သည် အနောက်ဘက်အိမ်နီးချင်းနိုင်ငံဖြစ်သော အာဖဂန် နစ္စတန်အတွင်းသို့ စစ်ရေးအရတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်တွင် ၎င်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
သောကြာနေ့ (ဖေဖော်ဝါရီ ၂၇) က X လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့သော ပို့စ်တစ်ခု၌ Asif က ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့သည် “ပွင့်လင်း စစ်ပွဲ” အခြေအနေသို့ ရောက်ရှိနေပြီဟု ဖော်ပြခဲ့သည်။ ၎င်း၏ ပို့စ်သည် မြို့တော်ကဘူးလ် အပါအဝင် အာဖဂန်နစ္စတန်ရှိ မြို့ကြီးများကို ပါကစ္စတန် က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နာရီပိုင်းအကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။
“နေတိုး (NATO) တပ်ဖွဲ့တွေ ရုပ်သိမ်းသွားပြီးနောက်မှာ အာဖဂန်နစ္စတန်မှာ ငြိမ်းချမ်းရေးရလာမည်၊ တာလီဘန်များသည် အာဖဂန်ပြည်သူများ၏ အကျိုးစီးပွားနှင့် ဒေသတွင်းငြိမ်းချမ်းရေးကို အလေးထားလိမ့်မည်ဟု မျှော်လင့်ခဲ့ကြတာပါ” ဟု Asif က ဆိုသည်။ “သို့ပေသည့် တာလီဘန် များသည် အာဖဂန်နစ္စတန်ကို အိန္ဒိယ၏ ကိုလိုနီတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့သည် ၊ ၎င်းတို့သည် ကမ္ဘာတစ်ဝှမ်းက အကြမ်းဖက်သမားအားလုံး ကို အာဖဂန်မှာစုစည်းစေပြီး အကြမ်းဖက်ဝါဒကို ပြည်ပကို စတင် ဖြန့်ကြက်နေပါသည်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထို့အပြင် “ပါကစ္စတန်အနေဖြင့် အခြေအနေတွေကို ပုံမှန်အတိုင်းဖြစ်အောင် တိုက်ရိုက်နည်းလမ်းတွေကနေရော၊ မိတ်ဆွေနိုင်ငံတွေက တစ်ဆင့်ပါ အစွမ်းကုန် ကြိုးစားခဲ့ပါသည် ၊ သံတမန်ရေးအရ အပြည့်အဝ ချဉ်းကပ်ဆောင်ရွက်ခဲ့ပါသော်လည်း တာလီဘန်များသည် အိန္ဒိယ၏ လက်ဝေခံ (Proxy) ဖြစ်သွားခဲ့သည်” ဟု ၎င်းက စွပ်စွဲပြောဆိုခဲ့သည်။
“မိမိတို့၏ သည်းခံနိုင်စွမ်းက အတိုင်းအတာထက် ကျော်လွန်သွားပါပြီ။ ယခုတော့ မိမိတို့နှင့် ခင်ဗျားတို့ (အာဖဂန်နစ္စတန်) ကြားမှာ ပွင့်လင်း စစ်ပွဲ (Open War) ဖြစ်ပွားနေပြီ ဖြစ်ပါသည်” ဟု Asif က ထပ်လောင်း ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံအနေဖြင့် ယခုနောက်ဆုံးစွပ်စွဲချက်များနှင့်ပတ်သက်၍ တစ်စုံတစ်ရာတုံ့ပြန်ခြင်း မရှိသေးပေ။ နယူးဒေလီအနေဖြင့် ကဘူးလ်နှင့် ဖြစ်ပွားနေသော ပဋိပက္ခတွင် မီးလောင်ရာလေပင့် လုပ်ဆောင်နေသည်ဟုလည်း အစ္စလာမ္မာဘတ်က စွပ်စွဲထားပြီး ယင်းစွပ်စွဲချက်များကို အိန္ဒိယက အကြိမ်ကြိမ် ငြင်းဆိုထားသည်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လအတွင်းက တရုတ်အလုပ်သမား ကိုးဦးအပါအဝင် လူ ၁၃ ဦး သေဆုံးခဲ့သည့် ဘတ်စ်ကား ဗုံးပေါက်ကွဲမှုအတွက်လည်း အိန္ဒိယ၏ ပြည်ပထောက်လှမ်းရေးဌာန (RAW) နှင့် အာဖဂန်နစ္စတန် အမျိုးသားလုံခြုံရေးညွှန်ကြားမှုဦးစီးဌာန (NDS) တို့တွင် တာဝန်ရှိသည်ဟု အစ္စလာမ္မာဘတ်က အပြစ်တင်ခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာလကလည်း အာဖဂန်နိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi နှင့် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S. Jaishankar တို့ မတွေ့ဆုံမီ နာရီပိုင်းအလိုတွင် ကဘူးလ်မြို့၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။ ဒေသတွင်း သတင်းဌာနများက အဆိုပါပေါက်ကွဲမှုသည် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့ကြား တိုးမြင့်လာနေသော တင်းမာမှုများနှင့် ဆက်စပ်နေသည်ဟု သုံးသပ်ကြသည်။
အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာရလာပြီး လေးနှစ်အကြာ အောက်တိုဘာလတွင် အိန္ဒိယနှင့် အာဖဂန်နစ္စတန်တို့သည် သံတမန် ဆက်ဆံရေးပြန်လည်ထူထောင်ရန် သဘောတူညီခဲ့ကြသည်။ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်ကြား တင်းမာမှုများအရှိန်မြင့်လာစဉ် အီရန်နိုင်ငံခြားရေး ဝန်ကြီး Abbas Araghchi က အိမ်နီးချင်းနိုင်ငံများအနေဖြင့် ပဋိပက္ခများကို တွေ့ဆုံဆွေးနွေးမှုဖြင့် ဖြေရှင်းကြရန် တိုက်တွန်းခဲ့သည်။ “ယခုကဲ့သို့ ရာမာဒန်ဥပုသ်လအတွင်းမှာ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် တို့သည် အိမ်နီးချင်းကောင်း ပီသသည့် တွေ့ဆုံဆွေးနွေးမှုတွေကတစ်ဆင့် သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းသင့်ပါသည်” ဟု ၎င်းက X လူမှု ကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
