အီရန်အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီ အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုအတွင်း သေဆုံးသွားပြီဖြစ်ကြောင်း ထရမ့်ပြောကြား
အီရန်နိုင်ငံ၏ အမြင့်ဆုံးဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီ (Ayatollah Ali Khamenei) သည် အမေရိကန်နှင့် အစ္စရေးတို့၏ ပူးပေါင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အခိုင်အမာ ပြောကြားလိုက်သည်။ သမ္မတထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် "သမိုင်းတစ်လျှောက် အဆိုးညစ်ဆုံးပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သူ ခါမေနီ သည် သေဆုံးသွားပြီ" ဟု ရေးသားဖော်ပြကာ ၎င်းအနေဖြင့် ထိုသတင်း ကို ယုံကြည်ကြောင်း အတည်ပြုခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ကလည်း ခါမေနီ၏ နေအိမ်ဝင်းအား အင်အားပြင်းထန်သည့် အလစ်အငိုက် တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်းနှင့် ခေါင်းဆောင်ကြီး မရှိတော့ကြောင်းပြသနေသည့် လက္ခဏာရပ်များစွာ ရှိနေသည်ဟု အစောပိုင်းတွင် ထုတ်ဖော် ပြောဆိုခဲ့သည်။ အီရန်နိုင်ငံ၏ Tasnim နှင့် Mehr သတင်းဌာနများက ခေါင်းဆောင်ကြီးသည် စစ်မြေပြင်ကို အခိုင်အမာ ကွပ်ကဲနေဆဲ ဖြစ်ကြောင်း အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သော်လည်း နောက်ဆုံးရရှိသော သတင်းများအရ ခါမေနီသည် အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုအတွင်း အမှန်တကယ် သေဆုံးသွားပြီဖြစ်ကြောင်း အီရန်ဘက်က အတည်ပြုလိုက်ပြီဖြစ်သည်။
သို့သော်လည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကမူ အဆိုပါပြောဆိုချက်များအပေါ် ၎င်းအနေဖြင့် တစ်စုံတရာ အတည်ပြုပေးနိုင်သည့် အနေအထားတွင် မရှိသေးကြောင်း မှတ်ချက်ပြုထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
