၂၀၂၆ ခုနှစ် (၂၀)ကြိမ်မြောက် တပ်မတော် ဘောလုံးနည်းပြ(အငြိမ်းစား)ဆရာကြီးများနှင့် ကစားသမားဟောင်းများ သက်ကြီးပူဇော် တွေ့ဆုံပွဲကျင်းပ
ရန်ကုန် မတ် ၁
၂၀၂၆ ခုနှစ် (၂၀)ကြိမ်မြောက် တပ်မတော်ဘောလုံးနည်းပြ(အငြိမ်းစား)ဆရာကြီးများနှင့် ကစားသမားဟောင်းများ သက်ကြီးပူဇော်တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိဘောလုံး အားကစားကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ တပ်မတော်ဘောလုံးသမားဟောင်းများအသင်းဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားသို့တက်ရောက်လာကြသော ကန်တော့ခံဆရာကြီးများအား တာဝန်ရှိသူတစ်ဦးက တစ်ဦးချင်းမိတ်ဆက်ပေးသည်။
ထို့နောက် ဆရာကြီးများအား တပည့်များက ကန်တော့ငွေများနှင့်အတူ ဂါရဝပြုလက်ဆောင်များဖြင့် ကန်တော့ကြသည်။
ဆက်လက်ပြီး ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများအား အမှတ်တရလက်ဆောင်များကို တာဝန်ရှိသူများကပေးအပ်သည်။ ယင်းနောက် ကန်တော့ခံဆရာကြီးများကိုယ်စား ကန်တော့ခံဆရာကြီးတစ်ဦးက ဆုမွန်ကောင်းစကားများပြောခြင်း၊ ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများကိုယ်စား ဧည့်သည်တော်တစ်ဦးက ဆုမွန်ကောင်းစကား ပြောကြားသည်။
ထို့နောက် မြဝတီဘောလုံးအသင်းနှင့် တပ်မတော်ဘောလုံး သမားဟောင်းများအသင်းမှ အလှူငွေများပေးအပ်ရာ အသင်းဥက္ကဋ္ဌက လက်ခံရယူသည်။
ယင်းနောက်တပ်မတော် ဘောလုံးသမားဟောင်းများအသင်း၏ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်အတွင်းရရှိ/သုံးစွဲခဲ့သည့် ငွေစာရင်းနှစ်ချုပ် စာရင်းရှင်းတမ်းအား ဘဏ္ဍာရေးအဖွဲ့ဝင် ဗိုလ်ကြီးဆန်းညွန့်ဦး(ငြိမ်း)က အသင်းအလုပ်အမှုဆောင် အဖွဲ့ဝင်များ ကိုယ်စားဖတ်ကြားရှင်းလင်းသည်။ ထို့နောက် အသင်းရန်ပုံငွေတိုးပွားရေး အတွက် တက်ကြွစွာပူးပေါင်း ဆောင်ရွက်ခြင်းဆု၊ အသင်း၏လှုပ်ရှားမှုတွင် စွမ်းစွမ်းတမံ တက်ကြွစွာပူးပေါင်းဆောင်ရွက်သည့် ဆုရရှိသူများကို အသင်းဥက္ကဋ္ဌက ဆုတံဆိပ်များပေးအပ် ချီးမြှင့်ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
MWD
