လက်ဘနွန်အစိုးရက ဟစ်ဇ်ဘိုလာအဖွဲ့၏ စစ်ရေးလှုပ်ရှားမှုများအားလုံးကို ပိတ်ပင်တားမြစ်
အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့၏ လုံခြုံရေးနှင့်စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအားလုံးကို တရားမဝင်ဟု သတ်မှတ်ကာ ပိတ်ပင်လိုက်ကြောင်း လက်ဘနွန်ဝန်ကြီးချုပ် နဝါ့ဖ် ဆလမ် (Nawaf Salam) က ကြေညာခဲ့သည်။ တနင်္လာနေ့ (မတ် ၂) က ထုတ်ပြန်သည့် ကြေညာချက်တွင် ဝန်ကြီးချုပ် ဆလမ်က ဟစ်ဇ်ဘိုလာ အဖွဲ့အနေဖြင့် ၎င်းတို့၏ လက်နက်များကို နိုင်ငံတော်ထံအပ်နှံရန် တောင်းဆိုခဲ့ပြီး လက်ဘနွန်စစ်တပ်အနေဖြင့်လည်း အဆိုပါအဖွဲ့အား လက်နက်ဖြုတ်သိမ်းရေးအစီအစဉ်ကို ချက်ချင်း စတင်အကောင်အထည်ဖော်သွားမည်ဟု ပြောကြားခဲ့သည်။
ယခုကဲ့သို့ ပိတ်ပင်ရခြင်းမှာ ပြီးခဲ့သည့် စနေနေ့ (ဖေဖော်ဝါရီ ၂၈) က အမေရိကန်-အစ္စရေးတို့၏ အစိုးရအပြောင်းအလဲဖော်ဆောင်သည့် စစ်ဆင်ရေး အတွင်း အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီခါမေနီ (Ayatollah Ali Khamenei) သတ်ဖြတ်ခံရမှုအတွက် လက်စားချေသည့် အနေဖြင့် ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးမြောက်ပိုင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဝန်ကြီးချုပ်က ရှင်းလင်းပြောဆိုခဲ့သည်။
ဟစ်ဇ်ဘိုလာအဖွဲ့၏ လုပ်ရပ်သည် ဒေသတွင်း၌ဖြစ်ပွားနေသော စစ်ပွဲအတွင်းသို့ ဆွဲသွင်းခံရခြင်းကိုလက်မခံသည့် လက်ဘနွန်နိုင်ငံ၏ ရပ်တည်ချက်နှင့် ငြိမ်းချမ်းရေးအတွက် ကတိကဝတ်ပြုထားမှုတို့ကို တိုက်ရိုက် ဆန့်ကျင်နေကြောင်း လက်ဘနွန်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ဟစ်ဇ်ဘိုလာအဖွဲ့၏ ဒုံးကျည်များဖြင့် ပစ်ခတ်မှုအပြီး တနင်္လာနေ့ (မတ် ၂) တွင် အစ္စရေးက လက်ဘနွန်နိုင်ငံအတွင်းသို့ လေကြောင်းမှ ပြန်လည် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူပေါင်း ၃၁ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် ဆလမ်၏ ထုတ်ပြန်ချက်တွင် အစ္စရေး၏ ကျူးကျော်စော်ကားမှုများကို ရပ်တန့်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် သံတမန် ရေးရာ ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်ရန် တိုက်တွန်းထားပြီး ဘေရွတ် (Beirut) အစိုးရအနေဖြင့် နိုင်ငံတကာ၏ ကြီးကြပ်မှုအောက်တွင် အစ္စရေးနှင့် ဆွေးနွေးမှုများပြန်လည်စတင်ရန် အသင့်ရှိနေကြောင်းလည်း အရိပ်အမြွက် ထည့်သွင်းပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
