အီရန် ဒရုန်းများကိုခုခံရန် ယူကရိန်းကျွမ်းကျင်သူများစေလွှတ်မည်ဟု ဗြိတိန်ဝန်ကြီးချုပ် ကြေညာ

News Image

  • အီရန်ဒရုန်းများကို ခုခံရန် ယူကရိန်းကျွမ်းကျင်သူများ စေလွှတ်မည်ဟု ဗြိတိန်ဝန်ကြီးချုပ် ကြေညာ

အရှေ့အလယ်ပိုင်းဒေသအတွင်း အီရန်ဒရုန်းများ၏အန္တရာယ်ကို ခုခံကာကွယ်ရာတွင် ကူညီပေးရန်အတွက် ဗြိတိန်နိုင်ငံအနေဖြင့် ယူကရိန်းမှကျွမ်းကျင်သူများကို စေလွှတ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) က တနင်္ဂနွေနေ့ (မတ် ၁) တွင် ကြေညာခဲ့သည်။ ဝန်ကြီးချုပ်၏ ထုတ်ပြန်ချက်ထွက်ပေါ်လာပြီးနောက် မကြာမီမှာပင် အီရန်သည် ဆိုက်ပရပ်စ်ရှိ ဗြိတိန်၏ RAF Akrotiri လေတပ်စခန်းကို တိုက်ခိုက်ခဲ့သည်။ အဆိုပါစခန်းကို ဗြိတိန် ကအမေရိကန်အား အီရန်အပေါ် စစ်ဆင်ရေးများဆင်နွှဲရန် အသုံးပြုခွင့်ပေးထားခြင်းဖြစ်သည်။

ဝန်ကြီးချုပ် စတာမာက ရုပ်သံမိန့်ခွန်းမှတစ်ဆင့်ပြောကြားရာတွင် ဗြိတိန် အနေဖြင့် အီရန်အပေါ် တိုက်စစ်ဆင်မှုများပြုလုပ်ခြင်း သို့မဟုတ် အမေရိကန်-အစ္စရေးတို့၏ စစ်ဆင်ရေးများတွင် ပါဝင်ခြင်းမျိုးပြုလုပ်မည်မဟုတ်သော်လည်း အီရန်၏ ဒုံးကျည်ပစ်စင်များနှင့် လက်နက်သိုလှောင်ရုံများကိုတိုက်ခိုက်မည့် အမေရိကန်စစ်ဆင်ရေးများအတွက် မိမိတို့၏ စစ်အခြေစိုက်စခန်းများကို အသုံးပြုခွင့်ပေးရန် သဘောတူညီထားကြောင်း ပြောကြားခဲ့သည်။

“မိမိတို့၏ ပင်လယ်ကွေ့မဟာမိတ်နိုင်ငံများကို တိုက်ခိုက်နေသည့် အီရန် ဒရုန်းတွေကို ပစ်ချနိုင်ရန်အတွက် ယူကရိန်းက ကျွမ်းကျင်သူများကို မိမိတို့၏ ကျွမ်းကျင်သူများနှင့် ပူးပေါင်းစေမှာဖြစ်ပါသည်” ဟု စတာမာ က ဆိုသည်။ အဆိုပါလုပ်ဆောင်ချက်သည် ဒေသတွင်းရှိ ဗြိတိန် နိုင်ငံသားများနှင့် မဟာမိတ်များကို အကာအကွယ်ပေးရန် လိုအပ်သောကြောင့် ဖြစ်ကြောင်းလည်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။

တနင်္ဂနွေနေ့ (မတ် ၁) ညနေပိုင်း မိန့်ခွန်းတွင် ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးကလည်း ယူကရိန်း၏ ကာကွယ်ရေးဆိုင်ရာအတွေ့အကြုံ များသည် အစားထိုး၍မရနိုင်သော အရာများဖြစ်သည်ဟု ပြောကြားခဲ့ပြီး ရုရှားနှင့်ဖြစ်ပွားနေသော ပဋိပက္ခတွင် မိမိတို့ကို ထောက်ခံအားပေးခဲ့ ကြသည့် နိုင်ငံများအား ထိုအတွေ့အကြုံများ မျှဝေပေးရန် အသင့်ရှိကြောင်း အတည်ပြုခဲ့သည်။

အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ လုပ်ကြံခံရပြီးနောက် အီရန်နှင့် ၎င်း၏မဟာမိတ်များသည် အရှေ့အလယ်ပိုင်းရှိ အမေရိကန်၊ အစ္စရေးနှင့် ဗြိတိန်ပစ်မှတ်များကို လက်တုံ့ပြန်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေစဉ် ယခုကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယင်းတိုက်ခိုက်မှုများတွင် ဘာရိန်းနိုင်ငံရှိ စစ်ဘက်ဆိုင်ရာတပ်ဆင်မှုတစ်ခု တိုက်ခိုက်ခံရမှုလည်းပါဝင်ပြီး ဗြိတိန်စစ်ဘက်ဝန်ထမ်းများကံကောင်းထောက်မစွာဖြင့် လွတ်သွားခဲ့သည်” ဟု စတာမာက ထည့်သွင်းပြောကြားခဲ့သည်။

အမေရိကန်တပ်ဖွဲ့များကို ဗြိတိန်စစ်အခြေစိုက်စခန်းများ အသုံးပြုခွင့်ပေးရန် စတာမာ၏ ဆုံးဖြတ်ချက်အပေါ် အတိုက်အခံ နိုင်ငံရေးသမား များက ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။ လစ်ဘရယ်ဒီမိုကရက်ပါတီ ခေါင်းဆောင် အက်ဒ် ဒေဗီ (Ed Davey) က "နောက်ထပ် ရှည်လျားမည့် အရှေ့အလယ်ပိုင်းစစ်ပွဲတစ်ခုထဲကို ဆွဲသွင်းမခံရရန်" သတိပေးခဲ့ပြီး ဂရင်းပါတီ (Green Party) ၏ ပူးတွဲခေါင်းဆောင် ဇက် ပိုလန်စကီး (Zach Polanski) ကမူ ဝန်ကြီးချုပ်အနေဖြင့် "အီရတ်၊ လစ်ဗျားနှင့် ဆီရီးယားတို့မှာ ဖြစ်ပွားခဲ့သည့် အနိဋ္ဌာရုံသင်ခန်းစာများကိုသင်ယူရန် ပျက်ကွက်နေပါသည်" ဟု စွပ်စွဲပြောကြားခဲ့သည်။

စနေနေ့ (ဖေဖော်ဝါရီ ၂၈) က ခါမေနီနှင့် အီရန်ထိပ်တန်း စစ်ဗိုလ်ချုပ် အချို့ သေဆုံးခဲ့ရသည့် အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့်ဒေသတွင်း၌ ရေကြောင်းကုန်သွယ်မှုများ ပြတ်တောက်ခြင်း၊ လေကြောင်း ခရီးစဉ်များရပ်ဆိုင်းခြင်းနှင့် ကမ္ဘာလှည့်ခရီးသည် ထောင်ပေါင်းများစွာ သောင်တင်နေခြင်းတို့နှင့်အတူ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားခဲ့ရသည်။

မော်စကိုကလည်း အဆိုပါနိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်မှုများကို ပြစ်တင်ရှုတ်ချခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ထိုသို့ သတ်ဖြတ် ခြင်းသည် "လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကျင့်ဝတ်စံနှုန်းအားလုံးနှင့် နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်သည်" ဟု ဖော်ပြပြောဆိုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂