၁၀ ကြိမ်မြောက် လုပ်ဆောင်သည့် ဒုံးကျည်တိုက်ခိုက်မှုအတွင်း အစ္စရေးဝန်ကြီးချုပ် ရုံးခန်းကိုထိမှန်ခဲ့ဟု အီရန်ပြော
အီရန်နိုင်ငံသည် အစ္စရေးနိုင်ငံအပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာပြီးနောက် ၁၀ ကြိမ်မြောက် လုပ်ဆောင်သည့် ဒုံးကျည်တိုက်ခိုက်မှုအတွင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ ရုံးခန်းကို ထိမှန်ခဲ့ကြောင်း အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ကပြောကြားသည်။
တက်စ်နင်သတင်းဌာန၏ ဖော်ပြချက်အရ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ ရုံးခန်းနှင့်အစ္စရေး လေတပ်တပ်မှူး တည်ရှိရာနေရာများကို အဓိကပစ်မှတ်ထားပြီး Khyber ဒုံးကျည်များကိုအသုံးပြု၍ အလစ်အငိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ ပြန်ကြားရေးရုံးက ထုတ်ပြန်သည်။
အဆိုပါတိုက်ခိုက်မှုအတွင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ထိခိုက်မှုရှိ၊ မရှိအတိအကျမသိရသေးကြောင်း အီရန်မီဒီယာများက ဆက်လက်ဖော်ပြသော်လည်း ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ သီးခြားအတည်ပြုချက်တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်းမရှိသေးပေ။
ဖေဖော်ဝါရီလ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့ပူးပေါင်းပြီး အီရန်အပေါ် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အီရန်တပ်မတော်သည် ဒုံးကျည်နှင့် ဒရုန်းများကို အသုံးပြုပြီး အစ္စရေးနိုင်ငံအပေါ် တုံ့ပြန်တိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း လုပ်ဆောင်ထားပြီးဖြစ်သည်။
Ref: PC
MWD
