အစ္စရေးက တီဟီရန်နှင့် ဘေရွတ်မြို့များတွင် တိုက်ခိုက်မှုများ တစ်ပြိုင်နက်တည်းပြုလုပ်နေကြောင်း ထုတ်ပြန်
အစ္စရေးက "တီဟီရန်နှင့် ဘေရွတ်မြို့တို့တွင် တိုက်ခိုက်မှုများ တစ်ပြိုင်နက်တည်းပြုလုပ်နေကြောင်း" ထုတ်ပြန်ပြောကြားခဲ့သည်။ အင်္ဂါနေ့ (မတ် ၃) နံနက်ပိုင်းတွင် အစ္စရေးလေတပ်က ထုတ်ပြန်သောကြေညာချက်တစ်ခု၌ အဆိုပါ တိုက်ခိုက်မှုများသည် အီရန်အစိုးရနှင့် အီရန်ကျောထောက် နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့တို့၏ "စစ်ရေးဆိုင်ရာ ပစ်မှတ်များ" ကို ဦးတည်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အစ္စရေးစစ်တပ်က ၎င်းတို့၏ လေယာဉ်များကိုပစ်မှတ်ထားရန် အသုံးပြုသည့် အီရန်၏ ဒုံးကျည်ပစ်လွှတ်စင်များနှင့် လေကြောင်းရန်ကာကွယ်ရေး စနစ်များကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အစ္စရေး ဂျက်လေယာဉ်များသည် ဒုံးကျည်ပစ်လွှတ်စင်များသို့ လက်နက်တပ်ဆင်ရန် ကြိုးပမ်းမှုများသာမက လက်နက်တပ်ဆင်ထားသည့် ပစ်ခတ်မှုနေရာများ၊ ဒုံးကျည်စင်များနှင့် ဘလက်စတစ်ဒုံးကျည်များကိုလည်း ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း စစ်ဘက်က ဆိုသည်။
ယင်းတိုက်ခိုက်မှုများမတိုင်မီ နာရီပိုင်းအလိုတွင် အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ်က X လူမှုကွန်ရက်၌ ပို့စ်တစ်ခုတင်ခဲ့ပြီး အမေရိကန် တပ်ဖွဲ့ဝင် များသည် "အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ ကွပ်ကဲမှုနှင့် ထိန်းချုပ်ရေးဌာနများ၊ အီရန်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ ဒုံးကျည်နှင့် ဒရုန်းပစ်လွှတ်သည့်နေရာများနှင့် စစ်ဘက်ဆိုင်ရာ လေယာဉ်ကွင်းများ" ကို ဖျက်ဆီးခဲ့ကြောင်း ဖော်ပြခဲ့သည်။
တစ်ချိန်တည်းမှာပင် အီရန်သည် ပင်လယ်ကွေ့ဒေသရှိ အမေရိကန် မဟာမိတ်များကို တစ်ညလုံး လေကြောင်းမှတစ်ဆင့် ဆက်တိုက် တိုက်ခိုက်ခဲ့သည်။
ကိုးကား- CNN
Photo: France 24
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
