အီရန်၏ လက်တုံ့ပြန်မှုများသည် ပိုမို၍ လျှို့ဝှက်သောပုံစံ ဖြစ်လာလိမ့်မည်ဟု အငြိမ်းစား အမေရိကန် ဗိုလ်မှူးကြီးတစ်ဦးက ပြောကြား

News Image

  • အီရန်၏ လက်တုံ့ပြန်မှုများသည် ပိုမို၍ လျှို့ဝှက်သောပုံစံ ဖြစ်လာလိမ့်မည်ဟု အငြိမ်းစား အမေရိကန် ဗိုလ်မှူးကြီးတစ်ဦးက ပြောကြား

အမေရိကန် က အီရန်၏ စစ်ဘက်ဆိုင်ရာအဆောက်အအုံများကို ပစ်မှတ်ထားလာသည်နှင့်အမျှ အီရန်သည် ပိုမို၍ ‘လျှို့ဝှက်သော’ လက်တုံ့ပြန်မှု နည်းလမ်းများကို အသုံးပြုလာလိမ့်မည်ဟု CNN စစ်ဘက်ဆိုင်ရာလေ့လာဆန်းစစ်သူနှင့် အငြိမ်းစား ဗိုလ်မှူးကြီး Cedric Leighton က ပြောကြားခဲ့သည်။

“အီရန် ဘာလုပ်လာမလဲဆိုလျှင် ပင်လယ်ကွေ့နိုင်ငံတွေကို ဆက်လက်တိုက်ခိုက်ရန်နှင့် ဒေသတွင်းမှာရှိသည့် အမေရိကန်တပ်စခန်းတွေကို တတ်နိုင်သလောက် ဆက်လက်နှောက်ယှက်ရန်အတွက် လျှို့ဝှက်နည်းလမ်းတွေကိုသုံးရန် ကြိုးစားလာပါလိမ့်မည်” ဟု ၎င်းက ဆိုသည်။ တီဟီရန် အနေဖြင့် အမေရိကန်၏ မြို့ကြီးများနှင့် ဥရောပတိုက် အစိတ်အပိုင်းအချို့တွင်ရှိသော ၎င်းတို့၏ "Sleeper agents" (ခေါ်) လျှို့ဝှက် ထောက်လှမ်းရေး အေးဂျင့်များကို လှုပ်ရှားလာစေနိုင်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ထိုအေးဂျင့်များသည် အီရန်အသိုက်အဝန်း အများအပြားရှိသည့် လော့စ်အိန်ဂျလိစ် မြို့ကဲ့သို့ နေရာမျိုးတွင် ဝါဒဖြန့်ချိရေးလုပ်ငန်းစဉ်များ လုပ်ဆောင်လာနိုင်သကဲ့သို့ အနောက်ဥရောပတွင်လည်း တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်ခြေရှိကြောင်း Leighton က သတိပေးခဲ့သော်လည်း ယင်းသို့ဖြစ်လာမည့်အထောက်အထားကိုမူ လတ်တလောတွင် မတွေ့ရှိရသေးကြောင်း ဆိုသည်။

ထို့အပြင် ထရမ့်အစိုးရအနေဖြင့် အီရန်၏ စစ်ဘက်ဆိုင်ရာနေရာများကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့လျှင်ပင် အုပ်ချုပ်သူအစိုးရကို အမြစ်ပြတ် ပြောင်းလဲပစ်ရန်မှာ မဖြစ်နိုင်ကြောင်း၊ အစ္စလာမ်မစ်သမ္မတ နိုင်ငံအတွင်းရှိ သဘောထားနှင့် အစိုးရ၏ ချဉ်းကပ်ပုံများကို ပြောင်းလဲပစ်ရန်မှာ အလွန် ခက်ခဲသည့် အလုပ်ဖြစ်လိမ့်မည်ဟု ၎င်းက ဆိုသည်။

မိမိတို့ မည်သည့်လက်နက်စနစ်တွေကိုပဲ တိုက်ခိုက်ဖျက်ဆီးပါစေ၊ မည်သည့်နေရာတွေကိုပဲ ဖျက်ဆီးပါစေ အီရန် အစ္စလာမ်မစ်သမ္မတ အစိုးရ စနစ်ကတော့ မပြိုကွဲဘဲဆက်ရှိနေဦးမှာပါ” ဟု Leighton က ပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂