ပင်လယ်ကွေ့နိုင်ငံများတွင် အီရန်၏တိုက်ခိုက်မှုများကို ကြားဖြတ်ဟန့်တားရန် လုံလောက်သည့် လေကြောင်းရန်ကာကွယ်ရေးလက်နက်များ ရှိ၊ မရှိ မေးခွန်းများ ထွက်ပေါ်
အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အရှေ့အလယ်ပိုင်းဒေသတစ်လွှားရှိ အမေရိကန်စစ်အခြေစိုက်စခန်းများ တည်ရှိရာနိုင်ငံများအပါအဝင် တုံ့ပြန်တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွား လျက်ရှိသည်။
အဆိုပါ တိုက်ခိုက်မှုများသည် မြို့ပြဗဟိုချက်များ၊ စွမ်းအင် အခြေခံ အဆောက်အအုံများ၊ လေဆိပ်များနှင့် ဟိုတယ်များကိုထိမှန်ခဲ့ရာ ကာလ ရှည်ကြာ လုံခြုံအေးချမ်းမှုရှိခဲ့သည့် ပြည်သူများအကြား တုန်လှုပ် ချောက်ချားမှု များ ဖြစ်ပေါ်စေခဲ့ပြီး ၎င်းတို့၏ လေကြောင်းရန် ကာကွယ်ရေး စနစ် များက မည်မျှအထိ ဆက်လက်တောင့်ခံနိုင်မည်နည်းဆိုသည့် မေးခွန်းများ လည်း ထွက်ပေါ်လာခဲ့သည်။
စစ်ပွဲစတင်ချိန်မှစ၍ ပင်လယ်ကွေ့နိုင်ငံများမှထုတ်ပြန်ထားသော ဒုံးကျည် နှင့်ဒရုန်း ကြားဖြတ်ပစ်ချနိုင်မှု အခြေအနေများကို သက်ဆိုင်ရာ နိုင်ငံ များ၏ ဖော်ပြချက်များအရ CNN က ထပ်ဆင့်ဖော်ပြထားသည်။
ကူဝိတ်နိုင်ငံ
ပဲ့ထိန်းဒုံးကျည် (၁၇၈) စင်းနှင့် ဒရုန်း (၃၈၄) စင်းကို ကြားဖြတ် ဟန့်တား နိုင်ခဲ့ကြောင်း နိုင်ငံပိုင် ကူဝိတ်သတင်းဌာနက တနင်္လာနေ့ (မတ် ၂) တွင် ဖော်ပြခဲ့သည်။
အာရပ်စော်ဘွားများပြည်ထောင်စု (UAE)
ထောက်လှမ်းမိသည့် ဒုံးကျည် (၁၈၂) စင်းအနက် (၁၆၉) စင်းကို ကြားဖြတ် ပစ်ချနိုင်ခဲ့ပြီး ကျန်ရှိသည့်ဒုံးကျည်များမှာ ပင်လယ်အတွင်းသို့ ကျရောက် ခဲ့သည်။ ထို့ပြင် ဒရုန်း (၆၄၅) စင်းကို ကြားဖြတ်နိုင်ခဲ့သော်လည်း အခြား ဒရုန်း (၄၄) စင်းမှာမူ နိုင်ငံပိုင်နက်အတွင်း ကျရောက်ထိမှန်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
ဘာရိန်းနိုင်ငံ
ဒုံးကျည် (၇၀) စင်းနှင့် ဒရုန်း (၇၆) စင်းကို ကြားဖြတ်နိုင်ခဲ့ကြောင်း ဘာရိန်း ကာကွယ်ရေးတပ်ဖွဲ့၏ အထွေထွေစစ်ဌာနချုပ်ကို ကိုးကား၍ နိုင်ငံပိုင် သတင်းဌာနက အင်္ဂါနေ့ (မတ် ၃) တွင် သတင်းထုတ်ပြန်ခဲ့သည်။
ကာတာနိုင်ငံ
ထောက်လှမ်းမိသည့် ဒုံးကျည် (၁၀၄) စင်းအနက် (၁၀၁) စင်းနှင့် ဒရုန်း (၃၉) စင်းအနက် (၂၄) စင်းကို ကြားဖြတ်နိုင်ခဲ့သည့်အပြင် အီရန်၏ SU-24ဗုံးကြဲလေယာဉ် (၂) စင်းကိုလည်း ပစ်ချနိုင်ခဲ့ကြောင်း နိုင်ငံပိုင် ကာတာ သတင်းဌာနက ဖော်ပြသည်။
ဆော်ဒီအာရေဗျနိုင်ငံ
ကြားဖြတ်နိုင်သည့် စုစုပေါင်းအရေအတွက်ကို ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ရီယာဒ်မြို့ရှိ အမေရိကန်သံရုံးသည် အီရန်ဒရုန်းများဟု ယူဆရသည့် တိုက်ခိုက်မှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရကြောင်း အရင်းအမြစ်နှစ်ခုက အင်္ဂါနေ့ (မတ် ၃) တွင် ပြောကြားခဲ့သည်။ ရီယာဒ်နှင့် Al-Kharj မြို့များ အနီးတွင် ဒရုန်း (၈) စင်းကို ကြားဖြတ်နိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက နောက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
အိုမန်နိုင်ငံ
ဝါရှင်တန်နှင့် တီဟီရန်အကြား ကြားဝင်စေ့စပ်သူအဖြစ် ကာလရှည်ကြာဆောင်ရွက်ခဲ့ပြီး တိုက်ခိုက်မှုများတွင် မပါဝင်ဘဲနေခဲ့သော်လည်း တနင်္ဂနွေနေ့ (မတ် ၁) က အိုမန်၏ Duqm စီးပွားရေးဆိပ်ကမ်းသည် ဒရုန်း (၂) စင်းဖြင့် တိုက်ခိုက်ခံခဲ့ရသကဲ့သို့ Masandam ကမ်းခြေအလွန် ၅ ရေမိုင်ခန့်အကွာတွင်လည်း ရေနံတင်သင်္ဘောတစ်စီး တိုက်ခိုက်ခံခဲ့ရသည်။
ပင်လယ်ကွေ့နိုင်ငံများအနေဖြင့် ၎င်းတို့၏ လေကြောင်းကာကွယ်ရေး လက်နက်များမကုန်ခန်းမီ မည်မျှအထိ ဆက်လက်ခုခံနိုင်မည်ဆိုသည်မှာ မသေချာသေးပေ။ ပြီးခဲ့သည့်နှစ် ဇွန်လအတွင်း အစ္စရေးနှင့် အီရန်တို့၏ (၁၂) ရက်ကြာ စစ်ပွဲအတွင်း၌ပင် အမေရိကန်သည် ၎င်း၏ THAAD ကြားဖြတ်ဒုံးကျည်စုစုပေါင်း၏ လေးပုံတစ်ပုံခန့်ကို အသုံးပြုခဲ့ရသည်။
UAE နှင့် ကာတာနိုင်ငံတို့ကမူ ၎င်းတို့၏ လေကြောင်းကာကွယ်ရေးစွမ်းဆောင်ရည် လျော့နည်းနေပြီဟူသော Bloomberg ၏ သတင်းဖော်ပြချက်ကို အတိအလင်းငြင်းဆိုထားပြီး ၎င်းတို့တွင် ကြားဖြတ် ဒုံးကျည်များ လုံလောက်စွာရှိနေသေးကြောင်း အခိုင်အမာ ပြောဆိုထားကြသည်။
တစ်ဖက်တွင်လည်း အီရန်၏ ဒုံးကျည်နှင့် ဒရုန်းလက်နက်တိုက်များ မည်မျှအထိလျော့ပါးသွားသည်မှာလည်း ရှင်းလင်းစွာ မသိရသေးပေ။ ကျွမ်းကျင်သူတစ်ဦး၏ အဆိုအရ အီရန်တွင် တာဝေးပစ် ဒုံးကျည်များထက် တာတိုပစ် ပဲ့ထိန်းဒုံးကျည်အမြောက်အမြားရှိနေခြင်းက အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံများကို တိုက်ခိုက်ရန် ပိုမိုလွယ်ကူစေသည်ဟု သိရှိရသည်။
ကိုးကား- CNN
Photo: Middle East Eye
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
