အစ္စရေးရှိ အမေရိကန် နိုင်ငံသားများထွက်ခွာရန် ရွေးချယ်စရာ အလွန်နည်းပါးနေကြောင်း သံအမတ်ကြီးပြောကြား

News Image

  • အစ္စရေးရှိ အမေရိကန် နိုင်ငံသားများထွက်ခွာရန် ရွေးချယ်စရာ အလွန်နည်းပါးနေကြောင်း သံအမတ်ကြီးပြောကြား

အစ္စရေးနိုင်ငံရှိ အမေရိကန်နိုင်ငံသားများအနေဖြင့် နိုင်ငံအတွင်းမှထွက်ခွာရန် ရွေးချယ်စရာ အလွန်နည်းပါးနေပြီဖြစ်ကြောင်း အစ္စရေး နိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mike Huckabee က ပြောကြားလိုက်သည်။

သံအမတ်ကြီး Huckabee က X လူမှုကွန်ရက်ပေါ်ရှိ ၎င်း၏ ပို့စ်တွင် သတိပေးချက်တစ်ရပ် ဖော်ပြခဲ့ရာ၌ လက်ရှိအချိန်တွင် အမေရိကန်သံရုံး အနေဖြင့် အမေရိကန်နိုင်ငံသားများ အစ္စရေးမှ ထွက်ခွာနိုင်ရေးအတွက် ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးရန် သို့မဟုတ် တိုက်ရိုက်ကူညီပေးနိုင်ရန် "အခြေအနေမရှိသေးကြောင်း" ထည့်သွင်းပြောဆိုထားသည်။

နိုင်ငံအတွင်းမှ ထွက်ခွာလိုသူများအနေဖြင့် အစ္စရေး ခရီးသွားလာရေးဝန်ကြီးဌာနမှ စီစဉ်ပေးထားသော ကြိုပို့ဘတ်စ်ကားများဖြင့် အီဂျစ်နိုင်ငံ၊ တာဘာ (Taba) မြို့သို့ သွားရောက်ရန်နှင့် ထိုနေရာမှတစ်ဆင့် သို့မဟုတ် ကိုင်ရိုမြို့မှတစ်ဆင့် လေကြောင်းခရီးစဉ်များဖြင့် ထွက်ခွာကြရန် ၎င်းက အကြံပြုထားသည်။

ထို့အပြင် ဂျော်ဒန်နိုင်ငံမှတစ်ဆင့် မထွက်ခွာရန် တိုက်တွန်းလိုကြောင်း၊ အကြောင်းမှာ လေကြောင်းခရီးစဉ်များမှာ ပုံမှန်မရှိဘဲ မရေမရာဖြစ်နေ သောကြောင့်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ အစ္စရေး နိုင်ငံ၏ အဓိကလေဆိပ်ဖြစ်သော တဲအဗစ် (Tel Aviv) လေဆိပ်ပြန်လည်ဖွင့်လှစ်သည့်တိုင်အောင် လေကြောင်းခရီးစဉ်များမှာ အလွန် အကန့်အသတ်ဖြင့်သာရှိနေမည်ဖြစ်ပြီး El Al လေကြောင်းလိုင်းတွင် လက်မှတ်ဝယ်ယူထားပြီးသူများကိုသာ ဦးစားပေးမည်ဖြစ်ကြောင်း သိရှိ ရသည်။

အီရန်နှင့် အိမ်နီးချင်းနိုင်ငံများက လေကြောင်းခရီးစဉ်များကို ကန့်သတ်လိုက်ကြသဖြင့် အရှေ့အလယ်ပိုင်းဒေသရှိ လေပိုင်နက်အများစုမှာ ပိတ်ထားရခြင်း သို့မဟုတ် အလွန်အကန့်အသတ်ဖြင့်သာ အသုံးပြုနိုင်ခြင်းတို့ ရှိနေသော်လည်း အမေရိကန်အစိုးရကမူ ၎င်း၏ နိုင်ငံသားများကို ဒေသတွင်းမှ ထွက်ခွာကြရန် သတိပေးထားဆဲဖြစ်သည်။

ကိုးကား- CNN

Photo: Mint

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂