အမေရိကန်နှင့်အစ္စရေးတို့၏ တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ရသည့် အီရန်နိုင်ငံ၏ခေါင်းဆောင်ဟောင်း အယာတိုလာ အလီခါမေနီ၏ နေရာတွင် ဆက်ခံမည့်သူအဖြစ် ၎င်း၏သားဖြစ်သူ မော့တာဘာခါမေနီအား အီရန်နိုင်ငံ၏ အမြင့်ဆုံး ခေါင်းဆောင်သစ်အဖြစ် မတ်လ ၈ ရက်တွင် ရွေးချယ်လိုက်ပြီဖြစ်သည်။သေဆုံးသွားသည့် အလီခါမေနီသည် ၁၉၈၉ ခုနှစ်မှစတင်၍ အီရန်နိုင်ငံကို ဦးဆောင်ခဲ့သူဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်တွင် တီဟီရန်မြို့၌ အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံ၏အမြင့်ဆုံးခေါင်းဆောင်သစ်ကို စိစစ်ရွေးချယ်ရန် တာဝန်ရှိသည့် အီရန်နိုင်ငံ၏ကျွမ်းကျင်သူများကောင်စီက ဆွေးနွေးညှိနှိုင်းမှုများကို တိကျစွာလုပ်ဆောင်ခဲ့ပြီးနောက် မော့တာဘာခါမေနီကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါခေါင်းဆောင်သစ်ရွေးချယ်ပွဲတွင် ပါဝင်ခဲ့သည့် ကိုယ်စားလှယ်များမှာ မေဒီမီယာဘေဂါရီ၊ ဟက်ဆန်ခိုမေနီ၊ ဆာဒက်လာရီဂျာနီနှင့် အလီရီဇာအေဖာရီတို့ပါဝင်သည်။ထို့ပြင် အီရန်နိုင်ငံ၌ ၁၉၇၉ တော်လှန်ရေးအပြီး ရှားဘုရင်ကိုဖြုတ်ချပြီး ဘုရင်စနစ်ကို အပြီးအပိုင်ဖယ်ရှားခဲ့သည့် အစ္စလာမ်မစ်အုပ်ချုပ်ရေးစနစ်ကို ဆက်လက်ဖော်ဆောင်မည့် ခေါင်းဆောင်သစ်အား သစ္စာခံကြရန် ကျွမ်းကျင်သူများ ကောင်စီကတိုက်တွန်းထားသည်။ခေါင်းဆောင်သစ်က ဘယ်လိုလူမျိုးလဲအမြင့်ဆုံးခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခံရသည့် မော့တာဘာခါမေနီကို ၁၉၆၉ ခုနှစ်တွင်မွေးဖွားခဲ့ပြီး ၎င်းသည်အလီခါမေနီ၏ သားသမီးခြောက်ဦးအနက် ဒုတိယမြောက်သားဖြစ်သည်။ မော့တာဘာခါမေနီသည် ၎င်း၏လူငယ်ဘဝဖြစ်သည့် ၁၉၈၀ ပြည့်လွန်နှစ်များက ဖြစ်ပွားခဲ့သည့် အီရန်-အီရတ်စစ်ပွဲတွင် မိုဟာမက် ရာဆူလိုလာတပ်မကြီး၌ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်တိုက်ခိုက်ခဲ့ပြီး ထိုစဉ်ကပင် အီရန်လုံခြုံရေးအဖွဲ့အစည်း၏ အနာဂတ်ခေါင်းဆောင်ပိုင်း ဖြစ်လာမည့်သူများနှင့် ရင်းနှီးသည့်ဆက်ဆံရေးများကို တည်ဆောက်ထားနိုင်ခဲ့သည်။နောက်ပိုင်းတွင် မော့တာဘာခါမေနီသည် ကွန်းမြို့တွင် ဘာသာရေးပညာကို ဆက်လက်ဆည်းပူးခဲ့သည်။ ၎င်းသည် အစိုးရအဖွဲ့အတွင်း တရားဝင်ရာထူးနေရာများရယူခဲ့ခြင်းမရှိသော်လည်း ၎င်း၏ဖခင်အတွက် အဓိက လက်ထောက်တစ်ဦး အဖြစ်နှင့် သော်လည်းကောင်း၊ နောက်ကွယ် မှနေ၍ ဩဇာအာဏာကြီးမားသူတစ်ဦးအဖြစ်လည်းကောင်း လူသိများသူဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အီရန်ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သူများကို ပစ်မှတ်ထားအရေးယူသည့် အစီအစဉ်၏တစ်စိတ်တစ်ပိုင်းအဖြစ် မော့တာဘာခါမေနီအပေါ်သို့လည်း အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။ဖခင်ဖြစ်သူသေဆုံးခဲ့သည့် အမေရိကန်နှင့်အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုအတွင်း၌ မော့တာဘာခါမေနီ၏ ညီမနှင့်အခြားဆွေမျိုး အတော်များများ သေဆုံးသွားခဲ့သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း မော့တာဘာကိုယ်တိုင်လည်း ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးမီဒီယာများက ဖော်ပြထားသည်။ အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခံရပြီးနောက်ပိုင်းတွင် မော့တာဘာခါမေနီအား ခေါင်းဆောင်သစ်အဖြစ် အသိအမှတ်ပြုသစ္စာခံသည်ဟု အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့က ၎င်းတို့၏မီဒီယာတစ်ခုဖြစ်သည့် Sepah တွင်ဖော်ပြ၍ကတိပြုထားသည်။အီရန်အနေဖြင့် လက်ရှိအခြေအနေတွင် အကြွင်းမဲ့လက်နက်ချခြင်းမှလွဲ၍ စစ်ပွဲကို အဆုံးသတ်နိုင်မည့် မည်သည့် သဘောတူညီချက်မျှ ရှိလာမည်မဟုတ်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီးနောက် အီရန်ခေါင်းဆောင်သစ် ရွေးချယ်တင်မြှောက်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။သို့သော် လုပ်ကြံသတ်ဖြတ် ခံလိုက်ရသည့် အယာတိုလာအလီခါမေနီ၏ နေရာတွင် အီရန်၏ အမြင့်ဆုံးခေါင်းဆောင်အဖြစ် အစားထိုး ဝင်ရောက်လာသူ မည်သူ့ကိုမဆို လုပ်ကြံသတ်ဖြတ်သွားမည်ဟု အစ္စရေးနိုင်ငံက ခြိမ်းခြောက်ထားသည်။သို့ရာတွင် မော့တာဘာခါမေနီအား အီရန်၏ အမြင့်ဆုံးခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်လိုက်ခြင်းသည် အီရန်အနေဖြင့် လက်ရှိ အခြေအနေတွင် စစ်ရေးဖိအားများနှင့် ရင်ဆိုင်နေရသော်လည်း ဖိအားပေးမှုများအား အလျှော့မပေးခြင်းကို ပြသခဲ့ခြင်း ဖြစ်သည်ဟု တူကီယဲနိုင်ငံရေး သမားနှင့် ရှေ့နေတစ်ဦးဖြစ်သူ အိုနာဆီနာဂူဇာတန်က သုံးသပ်ပြောကြားထားသည်။Ref: Sputnik, RTMWD
Tue, 10-Mar-2026