အီရန်စစ်ပွဲ နှစ်ချီမကြာဘူးဟု နေတန်ယာဟု ပြော
အီရန်အပေါ် ဆင်နွှဲနေသည့်စစ်ပွဲသည် နှစ်နှင့်ချီ ကြာမြင့်လိမ့်မည်မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အစ္စရေးသည် အီရန်အပြင် လက်ဘနွန်ရှိ အီရန်၏ ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ကိုပါ တိုက်ခိုက်နေသည်။ ထို့နောက် အီရန်ကလည်း အမေရိကန် စစ်စခန်းများကို လက်ခံထားရှိသည့် ပင်လယ်ကွေ့နိုင်ငံများအား တိုက်ခိုက်နေကာ ပဋိပက္ခပိုမို ကျယ်ပြန့်လာချိန်တွင် နေတန်ယာဟု၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကလည်း အီရန်စစ်ပွဲသည် သီတင်းပတ် လေးပတ်မှ ငါးပတ်အထိသာ ကြာမြင့်လိမ့်မည်ဟု အစောပိုင်း တွင် ပြောကြားခဲ့သည်။
နေတန်ယာဟုကလည်း အီရန်ပဋိပက္ခသည် ဒေသတွင်း ယခင်ဖြစ်ပွားခဲ့ဖူးသည့် စစ်ပွဲများကဲ့သို့ပင် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ခြေ ရှိသည်ဆိုသည့် အယူအဆကို ငြင်းပယ်ခဲ့သည်။ “ထိုစစ်ပွဲသည် လျှင်မြန်ပြီး တိကျပါလိမ့်မည်။ အချိန်နည်းနည်းတော့ ကြာနိုင်သော်လည်း နှစ်နှင့်ချီပြီး ကြာမှာ မဟုတ်ပါ။ ယင်းက မပြီးဆုံးနိုင်သည့် စစ်ပွဲ မဟုတ်ပါ”ဟု နေတန်ယာဟုက မတ်လ ၂ ရက်တွင် Fox News သတင်း ဌာနသို့ ပြောကြားခဲ့သည်။ အီရန်စစ်ပွဲသည် မတ်လ ၃ ရက်တွင် စတုတ္ထမြောက် နေ့ထဲကို ရောက်ရှိလာခဲ့ပြီး အီရန်မှ ပစ်ခတ်လိုက်သည့် ဒုံးကျည်များအား အစ္စရေးလေကြောင်း ကာကွယ်ရေးစနစ်က ကြားဖြတ်ပစ်ချလျက်ရှိသည်။
တစ်ဖက်တွင်လည်း အစ္စရေးသည် အီရန်၏ တီဟီရန်မြို့တော်ရှိ နိုင်ငံပိုင်ရုပ်သံလွှင့်ဌာနရုံးချုပ်ကို တိုက်ခိုက်ခဲ့ကာ လက်ဘနွန်နိုင်ငံတစ်ဝန်းရှိ ဟစ်ဇ်ဘိုလာ လက်နက်ကိုင်များကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။
မတ်လ ၃ ရက် အစောပိုင်းတွင် အီရန်မှ လွှတ်တင်ခဲ့သည်ဟု ယူဆရသည့် ဒရုန်းနှစ်စင်းသည် ဆော်ဒီ၏ ရီးယာ့ဒ် (Riyadh) မြို့တော်ရှိ အမေရိကန်သံရုံးကို ထိမှန်ခဲ့ခြင်းကြောင့် မီးလောင်မှု ဖြစ်ပွားပြီး ပျက်စီးဆုံးရှုံးမှုအချို့ ရှိခဲ့ကြောင်း ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ထို့ပြင် အခြားဒရုန်း ၈ စင်းကိုလည်း မြို့ထဲမရောက်မီ ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြခဲ့သည်။
အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ကမူ ၎င်းတို့၏ စစ်ဆင်ရေးအတွင်း ၁၄ ကြိမ်မြောက် ဒုံးကျည်တိုက်ခိုက်မှုများအဖြစ် ဘာရိန်းနိုင်ငံရှိ အမေရိကန်လေတပ်စခန်းဌာနချုပ်နှင့် ကွပ်ကဲရေး အဆောက်အအုံကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း မတ်လ ၃ ရက်က ပြောကြားခဲ့သည်။
ကိုးကား - CNI International News
