အီရန်အပေါ် အမေရိကန်နှင့် အစ္စရေး၏ စစ်ရေးတိုက်ခိုက်မှုများ ပြင်းထန်လာပြီး သမ္မတ ထရမ့်က ခြိမ်းခြောက်မှုအသစ်ပြုလုပ်

News Image

  • အီရန်အပေါ် အမေရိကန်နှင့် အစ္စရေး၏ စစ်ရေးတိုက်ခိုက်မှုများ ပြင်းထန် လာပြီး သမ္မတ ထရမ့်က ခြိမ်းခြောက်မှုအသစ် ပြုလုပ်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နိုင်ငံအပေါ် စစ်ရေးအရ တိုက်ခိုက်မှုများ စတင်သည်မှာ ဒုတိယမြောက်သီတင်းပတ်အတွင်းသို့ ရောက်ရှိလာပြီ ဖြစ်ပြီး တိုက်ပွဲများမှာ လျော့ပါးသွားမည့် အရိပ်အယောင်မရှိဘဲ ပိုမို ပြင်းထန်လာလျက်ရှိသည်။ အီရန်နိုင်ငံအတွင်း ဗုံးကြဲတိုက်ခိုက်မှုများ ကြောင့် အရပ်သားသေဆုံးသူ အနည်းဆုံး ၁,၃၃၂ ဦးအထိ ရှိလာခဲ့ပြီး ယင်းသေဆုံးသူများထဲတွင် မီနပ် (Minab) မြို့ရှိ မိန်းကလေးကျောင်းတစ်ခုကို ထိမှန်မှုကြောင့် ကျောင်းသူ ၁၆၈ ဦး အသက်ဆုံးရှုံးခဲ့ရသည့် ကြေကွဲဖွယ်ရာဖြစ်စဉ်တစ်ခုလည်း ပါဝင်နေသည်။

အဆိုပါတင်းမာသော အခြေအနေများကြားတွင် အီရန်သမ္မတ မာဆော့ဒ် ပီဇက်ရှ်ခီယန်က အီရန်နိုင်ငံကို တိုက်ခိုက်မှုများမရှိသရွေ့ အိမ်နီးချင်း နိုင်ငံများအား တိုက်ခိုက်ခြင်းကိုရပ်ဆိုင်းရန် အစိုးရအနေဖြင့် အတည်ပြုခဲ့ကြောင်း စနေနေ့ (မတ် ၇) အစောပိုင်းတွင် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ ၎င်းက အိမ်နီးချင်းနိုင်ငံများအား ကျူးကျော်ရန်ရည်ရွယ်ချက်မရှိကြောင်းနှင့် ၎င်းတို့သည် မိမိတို့၏ ညီအစ်ကိုများ ဖြစ်ကြောင်း အလေးပေးပြောဆိုခဲ့သည်။ 

သို့သော်လည်း ၎င်း၏ မိန့်ခွန်းအပြီးတွင် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က အီရန်အပေါ် တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အမေရိကန်နှင့်အစ္စရေးတို့၏ စစ်စခန်းများနှင့် အကျိုးစီးပွားအားလုံးကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်တုံ့ပြန်သွားမည်ဟု ပြင်းထန်သော သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ အီရန်၏ တောင်းပန်မှုနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ပြောဆိုမှုများအပေါ်လက်မခံဘဲ ၎င်း၏ Truth Social ပလက်ဖောင်းမှတစ်ဆင့် တင်းမာစွာ တုံ့ပြန်ခဲ့သည်။ အီရန်၏ လက်ရှိ အခြေအနေမှာ အမေရိကန်နှင့် အစ္စရေးတို့၏ အရှိန်အဟုန်မပျက် တိုက်ခိုက်မှုများကြောင့် ဖြစ်ကြောင်းနှင့် အီရန်သည် ယနေ့တွင် “ပြင်းထန်စွာ အတိုက်ခံရလိမ့်မည်” ဟု ထရမ့်က ခြိမ်းခြောက် ပြောဆိုခဲ့သည်။ ထို့ပြင် အီရန်ဘက်မှ "ခြွင်းချက်မရှိ လက်နက်ချခြင်း" မှလွဲ၍ မည်သည့်သဘောတူညီချက်ကိုမျှ လက်ခံမည်မဟုတ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ရာ နှစ်ဖက်စလုံး၏ တင်းမာမှုများမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့ရှိရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂