ရုရှားနှင့် အမေရိကန်သမ္မတတို့ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးပြီး နိုင်ငံတကာအရေးကိစ္စများ အလေးထားဆွေးနွေး

News Image

  • ရုရှားနှင့် အမေရိကန်သမ္မတတို့ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးပြီး နိုင်ငံတကာ အရေးကိစ္စများ အလေးထားဆွေးနွေး

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့သည် တနင်္လာနေ့ (မတ် ၉) တွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြကြောင်း ကရင်မလင်အကြံပေးပုဂ္ဂိုလ် ယူရီ အူရှာကော့ဗ်က အတည်ပြု ပြောကြားခဲ့သည်။ အမေရိကန်သမ္မတက ဦးဆောင်ပြုလုပ်ခဲ့သော ယင်းဖုန်းခေါ်ဆိုမှု တွင် ခေါင်းဆောင်နှစ်ဦးသည် တစ်နာရီခန့်ကြာမြင့်စွာ ဆွေးနွေးခဲ့ကြပြီး လက်ရှိဖြစ်ပွားနေသည့် နိုင်ငံတကာပဋိပက္ခများနှင့်ပတ်သက်၍ အလွန် ပြည့်စုံလေးနက်သည့် ဆွေးနွေးမှုများပြုလုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

ဆွေးနွေးမှုတွင် ယူကရိန်းပဋိပက္ခအား ရေရှည်ဖြေရှင်းနိုင်ရေးအတွက် မော်စကို၊ ဝါရှင်တန်နှင့် ကိယက်ဗ်တို့အကြား သုံးပွင့်ဆိုင် ညှိနှိုင်းမှုများအား အဓိကထား ဆွေးနွေးခဲ့ကြသည်။ သမ္မတ ထရမ့်က ယူကရိန်း စစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်၏ စိတ်ဝင်စားမှုကို ထပ်လောင်း အတည်ပြုခဲ့ပြီး ပူတင်ကလည်း အမေရိကန်အစိုးရ၏ ကြားဝင်စေ့စပ်ပေးမှုများအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ 

ထို့ပြင် အီရန်ပဋိပက္ခနှင့်ပတ်သက်၍လည်း ပူတင်က ပြီးခဲ့သည့် သီတင်းပတ်က ပင်လယ်ကွေ့ခေါင်းဆောင်များ၊ အီရန်သမ္မတတို့နှင့် ဆွေးနွေးခဲ့သည့် အခြေအနေများကို မျှဝေခဲ့သည်။ အဆိုပါဆွေးနွေးမှုကို ခေါင်းဆောင်နှစ်ဦးစလုံးက အပြုသဘောဆောင်ကြောင်း သတ်မှတ်ခဲ့ကြပြီး ထရမ့်ကလည်း အလွန်ကောင်းမွန်သည့် ဆွေးနွေးမှုဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

တစ်ဖက်တွင်လည်း သမ္မတ ပူတင်က အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုဖြစ်ပေါ်ကာ ကမ္ဘာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ စီးဆင်းမှုများ ထိခိုက်နိုင်ပြီး ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးခဲ့သည်။ ရုရှားအနေဖြင့် ယုံကြည်စိတ်ချရသောမိတ်ဖက်နိုင်ငံများအား စွမ်းအင်ဆက်လက် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။ 

ထို့အပြင် မော်စကိုက အမေရိကန်နှင့်အစ္စရေးတို့၏ အီရန်အပေါ် တိုက်ခိုက်မှုများကိုရှုတ်ချခဲ့ပြီး အီရန်ခေါင်းဆောင် အလီခါမေနီ သတ်ဖြတ်ခံရမှုမှာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း လွန်ခဲ့သည့် သီတင်းပတ်အတွင်းက ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

အမေရိကန်နှင့် ရုရှားသမ္မတတို့သည် ပြီးခဲ့သည့် ဒီဇင်ဘာလက နောက်ဆုံးအကြိမ် ဆွေးနွေးခဲ့ဖူးပြီး ယခုဖုန်းပြောဆိုမှုအပြီးတွင် ခေါင်းဆောင်နှစ်ဦး စလုံးသည် ပုံမှန်အဆက်အသွယ်များ ဆက်လက်လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂