သက်တမ်းရင့် မိုင်းရှင်းသင်္ဘောများနေရာတွင် LCS သင်္ဘောများဖြင့် အစားထိုးခြင်းသည် 'လူမြင်ကောင်းရုံသာဖြစ်' ဟု ကျွမ်းကျင်သူများ ဝေဖန်

News Image

  • သက်တမ်းရင့် မိုင်းရှင်းသင်္ဘောများနေရာတွင် LCS သင်္ဘောများဖြင့် အစားထိုးခြင်းသည် 'လူမြင်ကောင်းရုံသာဖြစ်' ဟု ကျွမ်းကျင်သူများ ဝေဖန်

အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားတွင် ရေမြှုပ်မိုင်းများ စတင်ချထားသည်ဟူသော သတင်းများထွက်ပေါ်လာမှုနှင့်အတူ အမေရိကန်ရေတပ် အနေဖြင့် ၎င်းတို့ကို မည်ကဲ့သို့ တုံ့ပြန်မည်ဆိုသည့်အချက်အပေါ် အာရုံစိုက်မှုများ မြင့်တက်လာသည်။

ပြီးခဲ့သည့် စက်တင်ဘာလက ဘာရိန်းနိုင်ငံရှိ အမေရိကန်ရေတပ်စခန်း၌ ဆယ်စုနှစ်များစွာ တာဝန်ထမ်းဆောင်ခဲ့သည့် မိုင်းရှင်းလင်းရေး အထူးပြုသင်္ဘော (၄) စီးအနက် နောက်ဆုံးကျန်ရှိနေသောသင်္ဘောကို တာဝန်မှအနားပေးခဲ့ပြီးနောက်ပိုင်း ပါရှန်ပင်လယ်ကွေ့အတွင်း အမေရိကန် ရေတပ်၌ မိုင်းရှင်းလင်းရေးသီးသန့်သင်္ဘောများ မရှိတော့ပေ။

ဇန်နဝါရီလအတွင်းက အဆိုပါ မိုင်းရှင်းလင်းရေးသင်္ဘောဟောင်း (၄) စီးကို အကြီးစားသယ်ယူပို့ဆောင်ရေးသင်္ဘောပေါ်တင်ဆောင်ကာ ဖျက်သိမ်းရန် အတွက် အမေရိကန်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။

စက်တင်ဘာလတွင် သင်္ဘောများကို အနားပေးခဲ့စဉ်က အမေရိကန် ရေတပ်ဗဟိုဌာနချုပ် (US Naval Forces Central Command) က ပြောကြားခဲ့သည်မှာ ပင်လယ်ကွေ့အတွင်း မိုင်းရှင်းလင်းရေးတာဝန်များကို ထိုဒေသသို့စေလွှတ်မည့် ကမ်းရိုးတန်းစစ်ဆင်ရေးသင်္ဘော (Littoral Combat Ships - LCS) (၄) စီးက တာဝန်ယူသွားမည်ဟု ဆိုသည်။

အမေရိကန်ရေတပ်၏ ထုတ်ပြန်ချက်အရ LCS သင်္ဘောအုပ်စုကို ဟာ့ဒ်ဝဲ နှင့် ဆော့ဖ်ဝဲလ် အစိတ်အပိုင်းများ အပြန်အလှန် လဲလှယ်အသုံးပြု နိုင်သည့် မစ်ရှင်အမျိုးအစား (၂) ခုအတွက် ဒီဇိုင်းထုတ်ထားသည်။ ယင်းတို့မှာ ရေပြင်စစ်ဆင်ရေး (Surface Warfare) နှင့် မိုင်းရှင်းလင်းရေး (Mine Countermeasures) တို့ဖြစ်ကြသည်။ သို့သော်လည်း အမေရိကန် ရေတပ်တွင် တာဝန်ထမ်းဆောင်နေသည့် LCS သင်္ဘောအစီးရေ ၃၀ ခန့် မှာ ၂၀၀၈ နှင့် ၂၀၁၀ ခုနှစ်တွင် ပထမဆုံး စတင်အသုံးပြုချိန်မှစ၍ ယုံကြည်စိတ်ချရမှုပိုင်းဆိုင်ရာ ပြဿနာများရှိခဲ့ပြီး အချို့သော လေ့လာသုံးသပ်သူများကမူ ၎င်းတို့၏ လက်တွေ့အသုံးဝင်မှုအပေါ် မေးခွန်းထုတ်လျက်ရှိသည်။

ဝေဖန်သူများက LCS သင်္ဘောများကို "Little Crappy Ships" (အသုံးမကျသော သင်္ဘောငယ်များ) ဟု လှောင်ပြောင်ခေါ်ဝေါ်လေ့ရှိကြပြီး အမေရိကန် သင်္ဘောတည်ဆောက်ရေးသမိုင်းတွင် အကြီးမားဆုံးသော ရှုံးနိမ့်မှုတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။ အစောပိုင်းမော်ဒယ်အချို့ဆိုလျှင် တာဝန်ထမ်းဆောင်ချိန် အနည်းငယ်သာရှိသေးသော်လည်း အနားပေးခြင်းခံခဲ့ရပြီးဖြစ်သည်။ အီရန်နှင့် စစ်ပွဲမစတင်မီ CNN ၏ စောင့်ကြည့်လေ့လာမှုများအရ LCS သင်္ဘော (၃) စီးသည် ပါရှန် ပင်လယ်ကွေ့ ဒေသအတွင်း ရှိနေခဲ့သည်။

အမေရိကန်ရေတပ်၏ အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦးဖြစ်သူ လေ့လာသုံးသပ်သူ Carl Schuster က ဟော်မုဇ်ရေလက်ကြားတွင် LCS သင်္ဘော များကို တပ်ဖြန့်ခြင်းသည် "လူမြင်ကောင်းအောင် လုပ်ပြသည့် လုပ်ရပ်တစ်ခုသာ ဖြစ်လိမ့်မည်" ဟု မှတ်ချက်ပြုသည်။ "ရေတပ်ဗျူရိုကရေစီ ယန္တရားအနေဖြင့် ဒီသင်္ဘောတွေရဲ့ဒီဇိုင်းက အသုံးဝင်တယ်ဆိုတာပြသရန်နဲ့ သူတို့ရဲ့ အလွန်အကျွံကုန်ကျစရိတ်တွေကို တရားမျှတအောင် လုပ်ဆောင်ရန်အတွက်သာ ဒီသင်္ဘောတွေကို အသုံးပြုသွားမှာပါ" ဟု ၎င်းက CNN သို့ ပြောကြားခဲ့သည်။

ကိုးကား- CNN

Photo: Naval News

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂