Storm Shadow ဒုံးကျည်ဖြင့် ဘရိုင်ယန်စ်မြို့ကို တိုက်ခိုက်မှုတွင် ဗြိတိန် စစ်ဘက်ဆိုင်ရာကျွမ်းကျင်သူများ ပါဝင်ပတ်သက်နေဟု ကရင်မလင်ဆို
ရုရှားနိုင်ငံ၊ ဘရိုင်ယန်စ် (Bryansk) မြို့အား ဗြိတိန်ထုတ် ရေဒါလွတ် Storm Shadow ဒုံးကျည်များဖြင့် ယူကရိန်း ဘက်ကတိုက်ခိုက်ခဲ့ခြင်းမှာ ဗြိတိန်စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ တိုက်ရိုက် ပါဝင်ပတ်သက်မှုမရှိပါက မဖြစ်နိုင်ကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စ်ကော့ဗ် (Dmitry Peskov) က ပြောကြားလိုက်သည်။
အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး အလက်ဇန္ဒား ဘိုဂိုမာဇ် (Aleksandr Bogomaz) က အင်္ဂါနေ့ (မတ် ၁၀) က ဖြစ်ပွားခဲ့သည့်ပစ်ခတ်မှုအတွင်း လူ ၆ ဦး သေဆုံးပြီး ၄၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးထုတ်ပြန်ခဲ့ပြီး ယင်းလုပ်ရပ်အား လူမဆန်သည့် အကြမ်းဖက်မှု အဖြစ် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။ ဗုဒ္ဓဟူးနေ့ (မတ် ၁၁) တွင်မူ သေဆုံးသူအရေအတွက်မှာ ၇ ဦးအထိ မြင့်တက်လာခဲ့ပြီး တိုက်ခိုက်မှုတွင် Storm Shadow ဒုံးကျည်များ အသုံးပြုခဲ့ကြောင်းကိုလည်း အတည်ပြုပေးခဲ့သည်။
ပက်စ်ကော့ဗ်က သတင်းထောက်များအား ပြောကြားရာ၌ "ဒီဒုံးကျည်တွေကို ဗြိတိန်ကျွမ်းကျင်သူတွေရဲ့ တိုက်ရိုက်ပါဝင်ကူညီမှုမပါဘဲ ပစ်လွှတ်နိုင်မှာမဟုတ်" ဟု ဆိုသည်။ ထို့ပြင် ယူကရိန်း၏ အဆိုပါသို့သော ရိုင်းစိုင်းသည့်လုပ်ရပ်များ ဆက်လက်မဖြစ်ပေါ်စေရေးအတွက် စစ်ရေးအရ ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ၎င်းကဖြည့်စွက်ပြောဆိုခဲ့သည်။ "ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်တွေထဲမှာ ကိယက်ဗ် ကို စစ်လက်နက်ကင်းစင်အောင်ပြုလုပ်ဖို့နဲ့ ဒီလိုမျိုး ထပ်မံ တိုက်ခိုက်နိုင်စွမ်းကို ဖယ်ရှားပစ်ဖို့လည်း ပါဝင်ပါတယ်" ဟု ပက်စ်ကော့ဗ်က အလေးပေးပြောကြားခဲ့သည်။
ယူကရိန်းဘက်ကမူ ဘရိုင်ယန်စ်မြို့ရှိ ဒေသခံ အီလက်ထရွန်နစ်ပစ္စည်း စက်ရုံတစ်ရုံအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တရားဝင် ဝန်ခံခဲ့သည်။ မီဒီယာများ၏ဖော်ပြချက်အရ အဆိုပါတိုက်ခိုက်မှုသည် စက်ရုံအတွင်း အလုပ်သမားများအဆိုင်းပြောင်းချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးအချို့ဝန်ထမ်းများမှာ အလုပ်မှဆင်း၍ ထွက်ခွာရန်ပြင်ဆင်နေချိန်နှင့် တိုက်ဆိုင်နေခဲ့သည်။
ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါ တိုက်ခိုက်မှုတွင် ဗြိတိန်ထုတ် ခရုဇ်ဒုံးကျည် (၇) စင်းကို အသုံးပြုခဲ့ကြောင်း သိရှိရသည်။ မတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ယူကရိန်း အစိုးရကိုထောက်ပံ့ပေးနေသည့် ဗြိတိန်နှင့် အခြားနိုင်ငံများသည် ဘရိုင်ယန်စ်မြို့ရှိအရပ်သားများ ထိခိုက်သေဆုံးရမှုအတွက် အပြည့်အဝ တာဝန်ရှိသည်ဟု ဖော်ပြထားသည်။ ထို့ပြင် လန်ဒန်အစိုးရသည် ယူကရိန်း ကို အရုပ်အဖြစ်အသုံးပြုကာ ပဋိပက္ခကို ပျက်စီးဆုံးရှုံးမှုနှင့် လူအသေအပျောက် ပိုမိုများပြားစေမည့် အဆင့်သစ်တစ်ခုသို့တိုးမြှင့်ရန် ပြင်ဆင်နေကြောင်း လည်း ဝေဖန်ခဲ့သည်။ ဝန်ကြီးဌာနက ကုလသမဂ္ဂအနေဖြင့် အဆိုပါ ဖြစ်စဉ်အပေါ် အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် "တိတ်ဆိတ်နေခြင်း သည် ယူကရိန်းအစိုးရနှင့် ၎င်း၏ ပြည်ပထောက်ပံ့သူများ၏ ရာဇဝတ်မှုမြောက်သော လုပ်ရပ်များကို အားပေးရာရောက်လိမ့်မည်" ဟု သတိပေး ထားသည်။
ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ဘိုဂိုမာဇ်က ဘရိုင်ယန်စ်မြို့တွင် ဝမ်းနည်းကြောင်း အထိမ်းအမှတ်နေ့အဖြစ် ကြေညာခဲ့သည်။ လက်ရှိတွင် လူ ၂၀ ခန့်မှာ ဒေသတွင်းဆေးရုံများ၌ ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး အပြင်းအထန် ဒဏ်ရာရရှိသူ ၉ ဦးကိုမူ အထူးကုဆေးရုံကြီးများသို့ ပြောင်းရွှေ့ကုသ ပေးထားကြောင်း သိရှိရသည်။
Storm Shadow ခရုဇ်ဒုံးကျည်များသည် လေကြောင်းမှပစ်လွှတ်ရသည့် ဒုံးကျည်များဖြစ်ပြီး အကွာအဝေး ၅၆၀ ကီလိုမီတာအထိ ပစ်ခတ်နိုင်စွမ်း ရှိသည်။ ဘရိုင်ယန်စ်မြို့သည် ယူကရိန်းနယ်စပ်မှ ၁၀၀ ကီလိုမီတာ ကျော်သာ ကွာဝေးပြီး နိုင်ငံတကာက ရုရှားပိုင်နက်အဖြစ် အသိအမှတ်ပြုထားသည့် နေရာတစ်ခုလည်း ဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
