ကုလသမဂ္ဂတရားရုံး၏ အစ္စရေးအပေါ်စွဲဆိုထားသည့် ဂါဇာ လူမျိုးတုံးသတ်ဖြတ်မှုအမှုတွင် နိုင်ငံအများအပြား ပါဝင်လာ

News Image

  • ကုလသမဂ္ဂတရားရုံး၏ အစ္စရေးအပေါ်စွဲဆိုထားသည့် ဂါဇာ လူမျိုးတုံးသတ်ဖြတ်မှုအမှုတွင် နိုင်ငံအများအပြား ပါဝင်လာ

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ထုတ်ပြန်ချက်အရ ပါလက်စတိုင်း နယ်မြေအတွင်း အစ္စရေး၏ စစ်ဆင်ရေးများအပေါ် နိုင်ငံတကာ၏ သဘောထားကွဲလွဲမှုများ ပိုမိုနက်ရှိုင်းလာစဉ် ကုလသမဂ္ဂ အမြင့်ဆုံးတရားရုံး၌စွဲဆိုထားသော ဂါဇာလူမျိုးတုံးသတ်ဖြတ်မှုအမှုတွင် ပါဝင်ရန် နိုင်ငံများစွာက ထပ်မံခြေလှမ်းပြင်လာကြသည်။

အဆိုပါအမှုကို ဂါဇာဒေသတွင် အစ္စရေး၏ ထိုးစစ်ဆင်မှုကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းများ ဆိုးရွားလာနေခြင်းကြောင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် တောင်အာဖရိကနိုင်ငံက စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး အစ္စရေးသည် ၁၉၄၈ ခုနှစ် ကုလသမဂ္ဂ လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေး သဘောတူစာချုပ်ကို ဖောက်ဖျက်ကျူးလွန်နေသည်ဟု စွပ်စွဲထားသည်။ ထိုအချိန်မှစ၍ ယနေ့အထိ နိုင်ငံပေါင်း တစ်ဒါဇင်ကျော်တို့သည် အမှုတွင်ပါဝင်ဆောင်ရွက်ရန် လျှောက်ထားခဲ့ကြသည်။

ပြီးခဲ့သည့် သောကြာနေ့ (မတ် ၁၃) က ICJ ၏ ထုတ်ပြန်ချက်အရ နမီးဘီးယား၊ အမေရိကန်၊ ဟန်ဂေရီနှင့် ဖီဂျီ နိုင်ငံတို့သည် မတ်လ ၁၂ ရက်နေ့တွင် အပိုဒ် ၆၃ အရ ကြားဖြတ်ပါဝင်ခွင့်ဆိုင်ရာ ကြေညာချက်များကို အသီးသီး တင်သွင်းခဲ့ကြသည်။ အဆိုပါ အပိုဒ် ၆၃ သည် လူမျိုးတုံး သတ်ဖြတ်မှုတားဆီးရေး သဘောတူစာချုပ်တွင်ပါဝင်သော နိုင်ငံများအနေဖြင့် အငြင်းပွားဖွယ်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ၎င်းတို့၏ ကိုယ်ပိုင် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို တင်ပြခွင့်ပြုထားခြင်းဖြစ်သည်။ အိုက်စလန်နှင့် နယ်သာလန် နိုင်ငံတို့သည်လည်း ၎င်းမတိုင်မီ တစ်ရက်အလိုတွင် အလားတူ လျှောက်ထားမှုများ ပြုလုပ်ခဲ့ကြသည်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ ကျယ်ပြန့်စွာဖျက်ဆီးခြင်းနှင့် ပါလက်စတိုင်းသားများ ရှင်သန်ရပ်တည်ရေးအတွက် ခြိမ်းခြောက်နေသည့်အခြေအနေများကို ဖန်တီးခြင်းအပါအဝင် ဂါဇာဒေသအတွင်း အစ္စရေး၏ လုပ်ဆောင်ချက်များသည် လူမျိုးတုံးသတ်ဖြတ်မှုမြောက်သည်ဟု တောင်အာဖရိကက တင်ပြထားသည်။ အစ္စရေးဘက်ကမူ ထိုစွပ်စွဲချက်များကို ငြင်းဆိုထားပြီး ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုများသည် အောက်တိုဘာ ၇ ရက် ဟားမက်တို့၏ တိုက်ခိုက်မှုအပြီး ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်သည့် တရားဝင် လုပ်ရပ်သာဖြစ်ကြောင်း အခိုင်အမာ ပြောဆိုထားသည်။

အမေရိကန်၊ ဟန်ဂေရီနှင့် ဖီဂျီနိုင်ငံတို့သည် အစ္စရေး၏ ရပ်တည်ချက်ကို ထောက်ခံသည့် ဥပဒေကြောင်းဆိုင်ရာအကြောင်းပြချက်များကို တင်သွင်းခဲ့ကြပြီး လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးသဘောတူစာချုပ်ကို တိကျစွာအဓိပ္ပာယ်ဖွင့်ဆိုရန် တိုက်တွန်းခဲ့ကြသည်။ လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိကြောင်း သက်သေပြရမည့်စံနှုန်းများကို လျှော့ချလိုက်ပါက နိုင်ငံတကာဥပဒေစိုးမိုးရေးကို ထိခိုက်စေနိုင်ကြောင်းလည်း ၎င်းတို့က သတိပေးခဲ့ကြသည်။ ဝါရှင်တန်က အဆိုပါတရားစွဲဆိုမှုသည် ဥပဒေကြောင်းအရ ချို့ယွင်းချက်များရှိနေကြောင်းသတ်မှတ်ခဲ့ပြီး လူမျိုးတုံး သတ်ဖြတ်ရန်ရည်ရွယ်ချက်ကို သက်သေပြရန်လိုအပ်သည့် အလွန်မြင့်မားသော စံနှုန်းများနှင့်ကိုက်ညီမှုမရှိဟုဆိုကာ လူမျိုးတုံးသတ်ဖြတ်မှု ဆိုင်ရာစွပ်စွဲချက်များကို ပယ်ချရန် ICJ ကို တိုက်တွန်းခဲ့သည်။

နမီးဘီးယား၊ အိုက်စလန်နှင့် နယ်သာလန်နိုင်ငံတို့သည် တောင်အာဖရိက ဘက်မှ ရပ်တည်နေသည့် နိုင်ငံပေါင်းတစ်ဒါဇင်ကျော်နှင့် ပူးပေါင်းခဲ့ကြပြီး အစ္စရေး၏ အလုံးစုံသော လုပ်ဆောင်ချက်များ၊ ဂါဇာဒေသ၏ အခြေအနေများနှင့် စစ်ပွဲ၏ ကျယ်ပြန့်သောသက်ရောက်မှုများကို ထည့်သွင်းစဉ်းစားကာ လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေး သဘောတူစာချုပ်ကို ပိုမိုကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ဆိုပေးရန် တောင်းဆိုခဲ့ကြသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂