တတိယအကြိမ် ကန်တော်ကြီးပတ်လမ်း အမျိုးသား၊ အမျိုးသမီး(အလွတ်တန်း) Road Bike စက်ဘီးပြိုင်ပွဲ ကစားသမား ၃၀၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်
ရန်ကုန် မတ် ၁၄
(၈၁)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့်ပြုလုပ်သည့် တတိယအကြိမ် ကန်တော်ကြီးပတ်လမ်း အမျိုးသား/အမျိုးသမီး (အလွတ်တန်း) Road Bike စက်ဘီးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် Road Bike စက်ဘီးပြိုင်ပွဲ မှကန်ရိပ်သာလမ်း၌ ကျင်းပရာ ကစားသမား ၃၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ကန်ရိပ်သာလမ်းနှင့် ဦးအောင်မြတ်လမ်းထောင့်ရှိ တင့်ကားကုန်းဝင်ပေါက်ရှေ့မှ အချက်ပေး သေနတ်ပစ်ဖောက်ကာပြိုင်ပွဲကို ဖွင့်လှစ်တာလွှတ်ပေးသည်။
တာလွှတ်သည်နှင့် ပြိုင်ပွဲဝင်အားကစားသမားများသည် ကန်ရိပ်သာလမ်းအတိုင်း ကန်တော်ကြီးကိုပတ်ကာ အမျိုးသားပြိုင်ပွဲဝင်များကခုနှစ်ပတ်နှင့် အမျိုးသမီးပြိုင်ပွဲဝင်များက ငါးပတ်စီးနင်း၍ တာလွှတ်သည့်နေရာသို့ ပြန်လည်ပန်းဝင်ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး စက်ဘီးဆပ်ကော်မတီဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ စက်ဘီးဝါသနာရှင်များက ကြည့်ရှုအားပေးကြသည်။
ပြိုင်ပွဲများအပြီး ဆုပေးပွဲကိုဆက်လက် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီနာယကတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးစက်ဘီးဆပ်ကော်မတီဥက္ကဋ္ဌနှင့် အမှုဆောင်များက အမျိုးသား/အမျိုးသမီး(အလွတ်တန်း) Road Bike စက်ဘီးပြိုင်ပွဲတွင် ပထမဆုရရှိသူအား ဆုကြေးငွေကျပ်ငါးသိန်း၊ ဒုတိယဆုငွေကျပ် လေးသိန်း၊ တတိယဆုငွေကျပ်သုံးသိန်း၊ စတုတ္ထဆုငွေကျပ်နှစ်သိန်း၊ ပဉ္စမဆုငွေကျပ်တစ်သိန်းခွဲ၊ ဆဌမဆုငွေကျပ် တစ်သိန်းနှင့် အဆင့်(၇)မှအဆင့်(၃၀)အထိဝင်ရောက်သူများအား တစ်ဦးလျှင် ငွေကျပ်ငါးသောင်း၊ ပြိုင်ပွဲ ဝင်အားလုံးအတွက်တစ်ဦးလျှင် ငွေကျပ်သုံးသောင်းချီးမြှင့်သည်။
အဆိုပါအမျိုးသား/အမျိုးသမီး(အလွတ်တန်း) Road Bike စက်ဘီးပြိုင်ပွဲတွင် အမျိုးသားစက်ဘီး အားကစားသမား ၃၂၀ ဦး၊ အမျိုးသမီး ၄၃ ဦး၊ စုစုပေါင်း ၃၆၃ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း၊ အမျိုးသားပြိုင်ပွဲတွင် စက်ဘီးအားကစားသမား ကောင်းထက်လင်းက ပထမ၊ ရဲမြတ်ကျော်ကဒုတိယနှင့် ဝေလျှံအောင်က တတိယဆုများ ရရှိခဲ့ကြပြီး အမျိုးသမီးပြိုင်ပွဲတွင် စက်ဘီးအားကစားသမား လှလှနွယ်ကပထမ၊ အဲလ်ပွင့်ကဒုတိယနှင့် နန်းလှသင်းဖြူက တတိယဆုများအသီးသီး ဆွတ်ခူးရရှိခဲ့ကြကြောင်း သိရသည်။
MWD

,