မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနှင့် အိန္ဒိယ ယူ-၁၇ အမျိုးသမီးအသင်း ဒုတိယခြေစမ်းပွဲယှဉ်ပြိုင်

News Image

  • မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနှင့် အိန္ဒိယ ယူ-၁၇   အမျိုးသမီးအသင်း ဒုတိယခြေစမ်းပွဲယှဉ်ပြိုင်

ရန်ကုန်  မတ်  ၁၄

     မြန်မာယူ-၁၇ အမျိုးသမီးအသင်းနှင့် အိန္ဒိယယူ-၁၇ အမျိုးသမီးအသင်းတို့၏ ဒုတိယမြောက်ခြေစမ်းပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌  ယှဉ်ပြိုင်ကစားကြရာ မြန်မာယူ-၁၇ အမျိုးသမီးအသင်းသည် ၃ဂိုး ၂ ဂိုးဖြင့်  အိန္ဒိယ ယူ-၁၇ အမျိုးသမီးကို ရှုံးနိမ့်ခဲ့သည်။

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနှင့် အိန္ဒိယ ယူ-၁၇ အမျိုးသမီးအသင်း တို့သည်  ၂၀၂၆ အာရှ ဖလား ယူ-၁၇ အမျိုးသမီးပြိုင်ပွဲအတွက်  လေ့ကျင့်ပြင်ဆင်နေကြသည့်အသင်းများဖြစ်ကြပြီး ပထမခြေ စမ်းပွဲအဖြစ် မတ်လ ၁၂ ရက်က ယှဉ်ပြိုင်မှုတွင်လည်း အိန္ဒိယယူ-၁၇ အမျိုးသမီးအသင်းက နှစ်ဂိုးဂိုးမရှိဖြင့် မြန်မာယူ-၁၇ အမျိုးသမီးအသင်းကိုအနိုင်ရရှိခဲ့သည်။

ယနေ့ပြိုင်ပွဲတွင် မြန်မာအသင်းပွဲစတည်းက အိန္ဒိယအသင်းဘက်ကို အကြိမ်ကြိမ်တိုက်စစ်ဆင် ထိုးဖောက်ကစားခဲ့သည်။ အိန္ဒိယနောက်တန်းနှင့် ဂိုးသမားမွန်နီတို့ ကာကွယ်ဟန့်တားနိုင်မှုကြောင့်  မြန်မာ အသင်း ဦးဆောင်ဂိုး မရရှိခဲ့ခြင်းဖြစ်သည်။ ပထမပွဲရှုံးနိမ့်ထား၍လည်း မြန်မာအသင်းယနေ့နိုင်ပွဲပြန်ရဖို့ အပေးအယူ  အတက်အဆင်းမှန်မှန်ဖြင့် ပြိုင်ဘက်အသင်းကိုတရစပ်ဖိအားပေးကစားခဲ့ရာ ပွဲကစားချိန် ၁၂ မိနစ်တွင် နှင်းဝင့်ဝါကျော်က မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သည်။

အိန္ဒိယအသင်းကလည်း ချေပဂိုးရရှိရေးနှင့် ဦးဆောင်ဂိုးထပ်မံမပေးရရေး မြန်မာတိုက်စစ်မှူးများအား လူကပ်ကစားခဲ့ပြီး အပေးအယူတွဲလုံးများဖြင့် တန်ပြန်တိုက်စစ်ကနေ ပွဲကစားချိန် ၃၃ မိနစ်တွင် အယ်လ်ဗာဒီဗီက ချေပဂိုးပြန်လည်သွင်းယူသွားခဲ့သည်။ 

သူတစ်ပြန်ကိုယ်တစ်ပြန်တိုက်စစ်ဆင်မှုများ ကြားတွင် ပထမပိုင်းပြီးခါနီး၌   ဆောင်းသဇင်ဦးရဲ့ထောင့်ကန်ဘောကနေ မေထုန်မေဇီတာက မြန်မာအ သင်းအတွက် ဒုတိယဂိုးကိုထပ်မံသွင်းယူနိုင်ခဲ့၍ ပထမပိုင်းတွင် မြန်မာအသင်းက နှစ်ဂိုး  တစ်ဂိုးဖြင့်ပွဲကိုဦး ဆောင်ထားခဲ့သည်။

ဒုတိယပိုင်းပြန်စသည်နှင့်     နှစ်ဖက်အသင်းလူစားလဲမှုများ ပြုလုပ်ယှဉ်ပြိုင်ခဲ့ကြရာ မြန်မာအသင်းကစားသမားများ ဖြစ်ကြသည့် ပင်မြင့်ယံ၊ သဲအိလှိုင်တို့ ဂိုးသွင်းခွင့်များကြုံခဲ့ကြသလို  အိန္ဒိယအသင်းက စားသမားများဖြစ်ကြသည့်    ဖာနန်ဒက်၊ အဲလိဇဘက်လက်ခရာနှင့် ဘားမန်းတို့ ဂိုးရရှိဖို့အခြေအနေကောင်းများရရှိခဲ့ကြပေမယ့်  အဆုံးသတ်အားနည်းမှုများကြောင့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ကြပေ။ ပွဲကစားချိန် ၆၅ မိနစ်နောက်ပိုင်းတွင် မြန်မာအသင်းသက်လုံကျလာပြီး   ကစားအားကျလာသည်ကို အိန္ဒိယအသင်းအခွင့်ကောင်းယူ၍ တရစပ်ဖိအားပေးလာခဲ့ရာ ပွဲကစားချိန် ၈၈ မိနစ်တွင် ဂိုးဧရိယာပြင်ပကနေ အနက်ရှ်ကာကူမာရီက အိန္ဒိယအသင်းအတွက် ချေပဂိုးသွင်းယူသွားသည်။ တစ်ဖက်နှစ်ဂိုးစီဖြင့်ဆက်လက်ယှဉ်ပြိုင်ကြရင်း ဒုတိယပိုင်းပြီးခါနီးတွင်    အိန္ဒိယအသင်းအတွက် တတိယမြောက်ဂိုးကို ဂျိုရာက ထပ်မံသွင်းယူနိုင်ခဲ့၍ ပွဲပြီးချိန်တွင် အိန္ဒိယယူ-၁၇ အမျိုးသမီးအသင်းက သုံးဂိုး  နှစ်ဂိုးနဲ့ မြန်မာယူ-၁၇ အ မျိုးသမီးအသင်းကို အနိုင်ရရှိသွားသည်။ ပထမပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် မြန်မာအသင်း ယနေ့ပွဲတွင် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပေမယ့် အိန္ဒိယအသင်းကို ထပ်မံရှုံးနိမ့်ခဲ့သည်။ 

MWD