ဥရောပတွင် နျူကလီးယားလက်နက် ဖြန့်ကြက်မှုဆိုင်ရာဆွေးနွေးမှုများ မြင့်တက်လာပြီး နော်ဝေနှင့် ဖင်လန်တို့၏ သဘောထားများထွက်ပေါ် လာ

News Image

  • ဥရောပတွင် နျူကလီးယားလက်နက် ဖြန့်ကြက်မှုဆိုင်ရာဆွေးနွေးမှုများ မြင့်တက်လာပြီး နော်ဝေနှင့် ဖင်လန်တို့၏ သဘောထားများထွက်ပေါ် လာ

လက်ရှိတွင် ဥရောပတိုက်အတွင်း မဟာဗျူဟာမြောက် ဟန့်တားရေးဆိုင်ရာဆွေးနွေးမှုများ ပြန်လည်မြင့်တက်လာလျက်ရှိရာ နျူကလီးယား လက်နက်ဖြန့်ကြက်ထားရှိရေးနှင့်ပတ်သက်၍ နေတိုးအဖွဲ့ဝင် နိုင်ငံများအကြား သဘောထားကွဲလွဲမှုများ ရှိနေသည်။ ပြင်သစ်သမ္မတ အီမန် နျူရယ် မက်ခရွန်က ပြင်သစ်၏ နျူကလီးယားလက်နက်တိုက်ကို တိုးမြှင့်သွားမည်ဖြစ်ပြီး မဟာမိတ်နေတိုးနိုင်ငံများတွင် ပြင်သစ်၏ နျူကလီးယား ဗုံးကြဲလေယာဉ်များကို ယာယီဖြန့်ကြက်ရန် ကမ်းလှမ်းမှုများ လုပ်ဆောင်ခဲ့သည်။ 

ဖင်လန်နိုင်ငံက နျူကလီးယားလက်နက်များ လက်ခံနိုင်စေရန် ဥပဒေပြင်ဆင်မှုများ လုပ်ဆောင်မည်ဟု အရိပ်အမြွက်ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ယင်းကိစ္စကို လျှော့ချပြောဆိုခဲ့ပြီး နျူကလီးယားလက်နက်များလက်ခံထားရှိရန် ဆန္ဒမရှိကြောင်းနှင့် နေတိုးဘက်ကလည်း ထိုသို့ဖြန့်ကြက်ရန် အစီအစဉ်မရှိကြောင်း ပြန်လည် ရှင်းလင်းခဲ့သည်။

နော်ဝေဝန်ကြီးချုပ် ဂျိုနပ်စ် ဂါစတိုက နော်ဝေနိုင်ငံ၏ လုံခြုံရေးသည် နေတိုး၏ မဟာဗျူဟာမြောက်ဟန့်တားမှုအပေါ်သာ အခြေခံထားသည့် အတွက် ၎င်းတို့နိုင်ငံတွင် နျူကလီးယားလက်နက်များ ထားရှိမည်မဟုတ်ကြောင်း ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ရုရှားနိုင်ငံကလည်း ပြင်းထန်စွာ သတိပေးထားသည်။ 

အမေရိကန်နှင့် ရုရှားတို့အကြား နျူကလီးယားလက်နက် ထိန်းချုပ်ရေးသဘောတူစာချုပ်များ ပျက်ပြားသွားချိန်တွင်ဖြစ်ပေါ်လာသည့် ယခုကဲ့သို့သောလှုပ်ရှားမှုများသည် ဥရောပတွင် တင်းမာမှုများ ပိုမိုမြင့်တက်လာစေနိုင်ကြောင်း မော်စကိုက ထောက်ပြခဲ့သည်။ ထို့အပြင် ရုရှားကို ပစ်မှတ်ထားသော နျူကလီးယားလက်နက်များကို လက်ခံထားရှိသည့် မည်သည့်နိုင်ငံကိုမဆို ရုရှား၏ နျူကလီးယားလက်နက်များဖြင့် ပစ်မှတ်ထားတုံ့ပြန်သွားမည်ဖြစ်ကြောင်း ကရင်မလင်က တရားဝင် သတိပေးထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂