မိုင် ၁၂၀၀ ကျော်အကွာအဝေးရှိ ပစ်မှတ်များကို တိုက်ခိုက်နိုင်တဲ့ ကာမီကာဇေဒရုန်း
တူကီယဲနိုင်ငံမှ နာမည်ကျော် Baykar ဒရုန်းကုမ္ပဏီက ပေါင် ၄၄၀ ကျော်လေးတဲ့ ထိပ်ဖူးတပ်ဆင်ပြီး မိုင် ၁၂၀၀ ကျော်အထိ ပျံသန်းကာ ပစ်မှတ်ကိုတိုက်ခိုက်နိုင်တဲ့ K2 အမျိုးအစား ကာမီကာဇေဒရုန်းအသစ်ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ ဒီဒရုန်းဟာAI စနစ်ကို အသုံးပြုထားတာကြောင့် GPS မရတဲ့အခြေအနေမှာတောင် ပစ်မှတ်ကို တိကျစွာတိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။
K2 ဒရုန်းက အီရန်ထုတ် Shahed-136 ဒရုန်းတွေထက် ထိပ်ဖူးအလေးချိန် ၄ ဆလောက်ပိုများသလို ပျံသန်းနိုင်တဲ့အကွာအဝေးကလည်း ၂ ဆလောက် ပိုဝေးတာကြောင့် ရန်သူ့နောက်တန်းရှိအရေးကြီးတဲ့ အခြေခံအဆောက်အဦတွေကို ဖျက်ဆီးဖို့ ဒီဇိုင်းထုတ်ထားတာလို့ဆိုပါတယ်။
စမ်းသပ်ပျံသန်းမှုတွေမှာ ဒရုန်းငါးစင်းကို အုပ်စုဖွဲ့ပျံသန်းစေနိုင်ပြီး တစ်စင်းနဲ့တစ်စင်းတိုက်မိခြင်းမရှိဘဲ ပစ်မှတ်တွေကို ဝိုင်းဝန်းတိုက်ခိုက်နိုင်တဲ့ စွမ်းဆောင်ရည် ရှိတာတွေ့ရပါတယ်။ ဒါ့အပြင် ညဘက်ကြည့်မှန်ပြောင်းနဲ့ အပူလှိုင်းဖမ်းကင်မရာတွေသုံးပြီး မြေပြင်လမ်းကြောင်းရှာနိုင်တာကြောင့် GPS လိုင်းနှောင့်ယှက်မှုကိုလည်း ကျော်လွှားနိုင်မှာဖြစ်ပါတယ်။
MWD
