မဟာယူနိုက်တက်အသင်းက ဧရာဝတီယူနိုက်တက်အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ယူ

News Image

  • မဟာယူနိုက်တက်အသင်းက ဧရာဝတီယူနိုက်တက်အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ယူ

ရန်ကုန် မတ် ၁၇

      ၂၀၂၅-၂၀၂၆ ရာသီ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၂၂)ရာသီပိတ်နောက်ဆုံး ပွဲစဉ်တစ်ပွဲဖြစ်သည့် မဟာယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားကြရာ မဟာယူနိုက်တက်အသင်းက ဧရာဝတီယူနိုက်တက်အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိသွားသည်။

ပထမပိုင်းတွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်တိုက်စစ်ဆင် ကစားခဲ့ကြသော်လည်း ဂိုးမသွင်းနိုင်ကြပေ။ ပွဲကစားချိန် ၁၇ မိနစ်တွင် နေလင်းစိုး၏ ဖန်တီးပေးပို့မှုမှတစ်ဆင့်  အီဒူဘက်ပတ်ထရစ်က မဟာယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့၍ ပွဲကအ လှည့်အပြောင်းဖြစ်ခဲ့သည်။

ဦးဆောင်ဂိုးခွင့်ပြုပေးလိုက်ရ၍ ချေပဂိုးရရှိရေးဧရာဝတီအသင်း တိုက်စစ်မြှင့်ကစားခဲ့ရာ ပွဲကစား ချိန် ၂၆ မိနစ်တွင် ကွင်းလယ်ကစားသမားသီဟက ဧရာဝတီအသင်းအတွက်  ချေပဂိုးပြန်လည်သွင်းယူနိုင် ခဲ့၍ တစ်ဖက်တစ်ဂိုးစီဖြင့် ပွဲကပြိုင်ဆိုင်မှုပိုပြင်းထန်လာသည်။ လက်ကျန်ပွဲကစားချိန်များအားနှစ်ဖက် အသင်း ဂိုးထပ်မံရရှိရေး ဆက်လက်ယှဉ်ပြိုင်ကြရာ ပထမပိုင်းပြီး၍ နာကျင်အချိန်ပိုနှစ်မိနစ် အရောက်တွင် ကောင်းဇေယျာလင်းရဲ့ထောင့်ကန်ဘောတင်ပို့မှုကနေ အီဒူဘက်ပတ်ထရစ်ကပင် ဂိုးထပ်မံသွင်းယူနိုင်ခဲ့၍ ပထမပိုင်းအပြီးတွင် မဟာယူနိုက်တက်အသင်းက ၂ ဂိုး၊ ၁ ဂိုးဖြင့် ပွဲကိုဦးဆောင်ထားသည်။

ဒုတိယပိုင်းတွင် ဧရာဝတီအသင်းချေပဂိုးရရှိရေး လူစားလဲမှုများဖြင့်တိုက်စစ်မြှင့်ကစားလာခဲ့သလို မဟာယူနိုက်တက် အသင်းကလည်း ဂိုးထပ်မံရရှိရေး လူစားလဲမှုများပြုလုပ်ယှဉ်ပြိုင်ခဲ့ကြသည်။ အပြန်အလှန်တိုက်စစ် အားကောင်းကြသော်လည်း နောက်တန်းခံစစ်နှင့် ဂိုးသမားများ ကာကွယ်နိုင်ကြ၍ ဂိုးပြောင်းလဲမှုမရှိပဲ ပထမပိုင်းရလာဒ် ၂ ဂိုး၊ ၁ ဂိုးဖြင့်ပင် မဟာယူနိုက်တက်အသင်းက ဧရာဝတီယူနိုက်တက်အသင်းကို   အနိုင်ရရှိသွားကြောင်း သိရသည်။ 

MWD