အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုအတွင်း ထိပ်တန်းလုံခြုံရေး အရာရှိ အလီလာရီဂျာနီ သေဆုံးသွားကြောင်း အီရန် အတည်ပြု

News Image

  • အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုအတွင်း ထိပ်တန်းလုံခြုံရေး အရာရှိ အလီလာရီဂျာနီ သေဆုံးသွားကြောင်း အီရန် အတည်ပြု

အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ ထုတ်ပြန်ချက်အရ အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုအတွင်း အီရန်အမျိုးသား လုံခြုံရေးကောင်စီ၏ သြဇာကြီးမားသော အကြီးအကဲ အလီလာရီဂျာနီ (Ali Larijani) သေဆုံးသွားပြီဖြစ်ကြောင်း သိရှိရသည်။

လာရီဂျာနီ၏ရုံးခန်းမှထုတ်ပြန်ချက်တွင် ၎င်းနှင့်အတူ သားဖြစ်သူ မော်တာဇာ (Mortaza) နှင့် လုံခြုံရေးဆိုင်ရာ ဒုတိယအကြီးအကဲ အလီရီဇာဘာယတ် (Alireza Bayat) တို့လည်း အတူတကွ သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ ၎င်းသေဆုံးမှုကို ၎င်း၏ တရားဝင် X အကောင့်တွင်လည်း အတည်ပြုခဲ့သည်။ IRGC ၏ မီဒီယာဌာနဖြစ်သော Sepah က လာရီဂျာနီအား "အီရန်နိုင်ငံ၏ အကျော်ကြားဆုံးနှင့် အကျွမ်းကျင်ဆုံး နိုင်ငံရေးသမားများထဲမှ တစ်ဦး" ဟု ဖော်ပြခဲ့သည်။

ယခင် လွှတ်တော်ဥက္ကဋ္ဌဟောင်းဖြစ်သူ အလီလာရီဂျာနီသည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အမေရိကန်နှင့် အစ္စရေးတို့၏ ပထမအကျော့ တိုက်ခိုက်မှု အတွင်း သေဆုံးသွားခဲ့သော အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီ (Ali Khamenei) ၏ အကြီးတန်းအကြံပေးပုဂ္ဂိုလ်လည်း ဖြစ်သည်။ အနောက်တိုင်းမီဒီယာများက လာရီဂျာနီအား ခါမေနီပြီးလျှင် ဒုတိယမြောက် သြဇာအရှိဆုံး နိုင်ငံရေးသမားအဖြစ်လည်းကောင်း၊ ခါမေနီ၏ အရိုက်အရာ ကို ဆက်ခံမည့်သူအား ရွေးချယ်နေစဉ်အတွင်း နိုင်ငံ၏ လက်တွေ့ အာဏာကို ကိုင်စွဲထားသည့် ခေါင်းဆောင်အဖြစ်လည်းကောင်း ဖော်ပြခဲ့ကြသည်။

အင်္ဂါနေ့ (မတ် ၁၇) အစောပိုင်းက အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေး ကတ်ဇ်က လာရီဂျာနီသည် အီရန်နိုင်ငံ ဘာဆစ်ဂျ် (Basij) ပြည်သူ့စစ် တပ်ဖွဲ့၏ တပ်မှူး ဗိုလ်ချုပ် ဂိုလမ်ရီဇာ ဆိုလေမာနီနှင့်အတူ ရှင်းလင်းခံလိုက်ရပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ အီရန် နိုင်ငံဘက်မှလည်း ဆိုလေမာနီ သေဆုံးမှုကို ထိုသို့ကြေညာပြီး မကြာမီမှာပင် အတည်ပြုခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုတို့က အီရန်နိုင်ငံ၏ အစိုးရအပြောင်းအလဲ (Regime change) ကို ၎င်းတို့၏ စစ်ပွဲရည်မှန်းချက်များထဲမှတစ်ခုအဖြစ် ထည့်သွင်းထားကြသည်။

သို့သော်လည်း အီရန်အရာရှိများကမူ မို့ဂျ်တာဘာ ခါမေနီ (Mojtaba Khamenei) အား ၎င်း၏ဖခင် အလီခါမေနီ၏ နေရာတွင်ဆက်ခံရန် ခန့်အပ် လိုက်ခြင်းသည် ခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ခြင်းဖြင့် အစိုးရကို ပြိုလဲအောင်လုပ်ရန် ကြိုးပမ်းမှုမှာ မအောင်မြင်ကြောင်း ပြသနေသည် ဟု တုံ့ပြန်ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂