အမေရိကန်က ကျောပိုးအိတ်ထဲထည့်သယ်သွားနိုင်တဲ့ အသေခံဒရုန်းတွေကို အရှိန်အဟုန်မြှင့်ထုတ်လုပ်ဖို့ပြင်ဆင်နေ
အမေရိကန်လေတပ်က အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေအတွက် ကျောပိုးအိတ်ထဲထည့်ပြီး သယ်ဆောင်သွားနိုင်တဲ့ အသေခံတိုက်ခိုက်ရေး ဒရုန်းတွေကို အရှိန်အဟုန်မြှင့် ထုတ်လုပ်ဖို့ ပြင်ဆင်နေပါတယ်။ ဒီဒရုန်းတွေဟာ ပေါ့ပါးပြီး အဝေးထိန်းစနစ်နဲ့ တိုက်ရိုက်ကြည့်ရှုမောင်းနှင်နိုင်တဲ့ (FPV) စနစ်သုံး ဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ရှေ့တန်းက စစ်သည်တွေအနေနဲ့ ရန်သူ့ပစ်မှတ်တွေကို တိတိကျကျနဲ့ လျင်လျင်မြန်မြန် တိုက်ခိုက်နိုင်ဖို့ ဖြစ်ပါတယ်။
ဒီဒရုန်းစနစ်တစ်ခုလုံးကို လူနှစ်ယောက်က ကျောပိုးအိတ်ထဲထည့်သယ်ဆောင်နိုင်မှာဖြစ်ပြီး စုစုပေါင်းအလေးချိန် ပေါင် ၃၀ အောက်ပဲ ရှိမှာပါ။ နောက်ပိုင်းမှာတော့ တစ်ယောက်တည်း သယ်နိုင်တဲ့ ၁၀ ပေါင်ဝန်းကျင်အထိ လျှော့ချဖို့ ရည်မှန်းထားပါတယ်။ ဒီဒရုန်းတွေဟာ အနည်းဆုံး ၆ မိုင်ကနေ ၁၂ မိုင်ကျော်အထိ ပျံသန်းတိုက်ခိုက်နိုင်မှာဖြစ်ပြီး ၃ မိနစ်အတွင်း အသင့်ပြင် ပစ်လွှတ်နိုင်မှာပါ။ ဒရုန်းမှာ တပ်ဆင်မယ့် ဗုံးသီးဟာ ၃ ပေါင်ကနေ ၆ ပေါင်ကျော်အထိ အလေးချိန်ရှိပြီး ရန်သူ့စစ်သည်တွေနဲ့ ပေါ့ပါးတဲ့ စစ်သုံးယာဉ်တွေကို ဖျက်ဆီးပစ်နိုင်တဲ့ စွမ်းအားရှိတဲ့အပြင် GPS စနစ် နှောင့်ယှက်ခံရရင်တောင် 4G သို့မဟုတ် 5G ဖုန်းလိုင်းကွန်ရက်တွေကို အသုံးပြုပြီး ဆက်လက်ပျံသန်းနိုင်ပါတယ်။
Ref: IE
ကိုထက်
MWD
