ပင်းတယမြို့နယ်ရှိ လက်ဖက်ပင်စိုက်ခင်းများမှ ရွှေဖီမိုးလွတ် လက်ဖက်ရွက်နုများ စတင်ခူးဆွတ်
ပင်းတယ မတ် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာများ၌ စိုက်ပျိုးထားသော လက်ဖက်စိုက်ခင်းများ၌ အနံ့အရသာအကောင်းဆုံး လက်ဖက်အမျိုးအစားဖြစ်သော ရွှေဖီမိုးလွတ်လက်ဖက်ရွက်နုများကို ယခုအချိန်တွင်စတင်ခူးဆွတ်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ရွှေဖီမိုးလွတ်လက်ဖက်ရွက်နုများကို နှစ်စဉ်ဧပြီလထဲတွင် ခူးဆွတ်ကြပြီးလျှင် ပင်းတယမြို့ ရွှေဥမင်သဘာ၀လိုဏ်ဂူဘုရားသို့ လာရောက်လည်ပတ်ဖူးမြော်ကြသည့် မြန်မာနိုင်ငံအနှံ့အပြားမှ ဘုရားဖူးဧည့်သည်များထံ ရောင်းချကြကြောင်း၊ မြို့နယ်အတွင်းရှိစျေးများနှင့် မြန်မာနိုင်ငံရှိမြို့ကြီးများသို့လည်း တင်ပို့ရောင်းချကြသည်။
ရွှေဖီမိုးလွတ်လက်ဖက်ရွက်နုများမှာ အရသာအထူးကောင်းမွန်၍ တစ်နှစ်ပတ်လုံးထွက်ရှိသည့် လက်ဖက်ရွက်နုများထဲတွင် အကောင်းဆုံး အမျိုးအစားဖြစ်ကြောင်းနှင့် လက်ဖက်ခြံများမှ ရွှေဖီမိုးလွတ်လက်ဖက်ရွက်နုစိမ်းများကို ခူးဆွတ်ရရှိပြီးနောက် ရွက်စိမ်းများအား ရွှေဖီမိုးလွတ်လက်ဖက်ခြောက်အဖြစ် နေလှန်း၍ ရွက်ကြမ်း၊ရွက်နု၊ ရွက်ညွန့်ခြောက်များ ခွဲခြား၍ ပို့ဆောင်ရောင်းချကြကြောင်း သိရသည်။
ထို့ပြင် လက်ဖက်စိုက်ခင်းများကို တောင်ပေါ်ကြီးကျေးရွာအုပ်စုရှိ ကျေးရွာများ၊ သရက်ကုန်းကျေးရွာအုပ်စုရှိ ကျေးရွာများ၊ ထွက်နီကျေးရွာ အုပ်စုရှိကျေးရွာများ၊ ပန်းစစ်ကျေးရွာအုပ်စုရှိ ကျေးရွာများ၊ ကူးကော်ကျေးရွာအုပ်စုရှိ ကျေးရွာများ၊ ရေဖြူကျေးရွာအုပ်စုရှိ ကျေးရွာများနှင့် ညောင်ကောက်ကျေးရွာအုပ်စုရှိ ကျေးရွာများတွင် အများအပြားစိုက်ပျိုးကြပြီး အခြားရပ်ကွက်နှင့် ကျေးရွာများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း လက်ဖက်စိုက်ပျိုးသော တောင်သူများထံမှ သိရသည်။
MWD
