ဆီနီဂေါအသင်း အာဖရိက ချန်ပီယံဆုဖလား ပြန်လည်ရုပ်သိမ်းခံရ
၂၀၂၅ အာဖရိက ဖလား (AFCON) ပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် အနိုင်ရရှိခဲ့သော ဆီနီဂေါအသင်း၏ ချန်ပီယံဘွဲ့ကို အာဖရိက ဘောလုံးအဖွဲ့ချုပ် (CAF) က ပြန်လည်ရုပ်သိမ်းလိုက်ပြီး အိမ်ရှင် မော်ရိုကိုအသင်းအား ချန်ပီယံအဖြစ် တရားဝင်ပြောင်းလဲသတ်မှတ်လိုက်ကြောင်း အင်္ဂါနေ့ (မတ် ၁၇) တွင် ကြေညာခဲ့သည်။
အဆိုပါ ဆုံးဖြတ်ချက်သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့က မော်ရိုကိုနိုင်ငံ၊ ရာဘတ်မြို့တွင်ကျင်းပခဲ့သော အငြင်းပွားဖွယ် ဗိုလ်လုပွဲ နှင့်ပတ်သက်၍ မော်ရိုကိုဘောလုံးအဖွဲ့ချုပ် (FRMF) ၏ အယူခံဝင်မှုကို ပြန်လည်သုံးသပ်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ CAF ၏ ထုတ်ပြန်ချက် အရ အာဖရိကဖလားစည်းမျဉ်း အပိုဒ် ၈၄ ကို အသုံးပြု၍ ဆီနီဂေါ အသင်းအား အရှုံးသတ်မှတ်ခဲ့ပြီး မော်ရိုကိုကို ၃-၀ ဖြင့် အနိုင်ပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဗိုလ်လုပွဲအတွင်း ဒိုင်လူကြီးက ဆီနီဂေါအသင်း၏ ဂိုးကို ပယ်ဖျက်ကာ မော်ရိုကိုအသင်းအား ပင်နယ်တီပေးခဲ့သည့်အတွက် ဆီနီဂေါ နည်းပြ ပက်ပ်ဘူနာသီယောနှင့် ကစားသမားများက မကျေနပ်သဖြင့် ကွင်းအတွင်းမှ ၁၅ မိနစ်ကြာ ထွက်ခွာသွားခဲ့ကြသည်။ ထိုစဉ်က ဆီနီဂေါ အသင်းသည် အချိန်ပိုတွင် ၁-၀ ဖြင့် အနိုင်ရခဲ့သော်လည်း စည်းကမ်းပျက်ကွက်မှုများကြောင့် ချန်ပီယံဆု လက်လွှတ်ခဲ့ရသည်။
ထို့အပြင် CAF သည် ဆီနီဂေါနည်းပြအား ငါးပွဲပယ်ပြစ်ဒဏ်နှင့် ဆီနီဂေါ ဘောလုံးအဖွဲ့ချုပ် (FSF) ကို ဒေါ်လာ ၆၁၅,၀၀၀ ဒဏ်ရိုက်ခဲ့သကဲ့သို့ မော်ရိုကိုအသင်းနှင့် အဖွဲ့ချုပ်ကိုလည်း လုံခြုံရေးနှင့် စည်းကမ်းပိုင်းဆိုင်ရာ ချို့ယွင်းမှုများကြောင့် ဒဏ်ငွေနှင့် ပွဲပယ်ပြစ်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်။
လက်ရှိတွင် ဆီနီဂေါဘောလုံးအဖွဲ့ချုပ် (FSF) က အဆိုပါဆုံးဖြတ်ချက်သည် မတရားသဖြင့် ဆုံးဖြတ်ခြင်းဖြစ်ပြီး အာဖရိကဘောလုံးလောက၏ ဂုဏ်သိက္ခာကိုထိခိုက်စေကြောင်း ပြင်းထန်စွာ ဝေဖန်ရှုံ့ချခဲ့သည်။ ၎င်းတို့ အနေဖြင့် CAF ၏ ဆုံးဖြတ်ချက်ကိုလက်မခံဘဲ နိုင်ငံတကာ အားကစားခုံ သမာဓိရုံး (CAS) သို့ အယူခံ ဆက်လက်တင်သွင်းသွားမည်ဟု အတည်ပြု ပြောကြားထားသည့်အတွက် ထိုဖြစ်ရပ်သည် ဆက်လက်စောင့်ကြည့် ရမည့် အခြေအနေတွင် ရှိနေသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
