နယူးမက္ကဆီကိုရှိ အမေရိကန် လေတပ်စခန်းတွင် ပစ်ခတ်မှုဖြစ်ပွား၊ လူတစ်ဦးသေဆုံး
အမေရိကန်ပြည်ထောင်စု၊ နယူးမက္ကဆီကိုပြည်နယ်ရှိ လေတပ် အခြေစိုက်စခန်းတစ်ခုတွင် အင်္ဂါနေ့ (မတ် ၁၇) ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများကို ကိုးကား၍ AP သတင်းဌာနက ဖော်ပြခဲ့သည်။
အလာမိုဂေါ်ဒို (Alamogordo) မြို့အနီးရှိ ဟော်လိုမန်း (Holloman) အခြေစိုက်စခန်းအတွင်းရှိ ကုန်စုံဆိုင် (Convenience store) အနီးတွင် သေနတ်သမားတစ်ဦးရှိနေကြောင်း သတင်းရရှိပြီးနောက် ညနေ ၅:၃၀ နာရီခန့်တွင် အခြေစိုက်စခန်းကို ယာယီပိတ်ဆို့ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
“အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဝင်တွေက အခြေအနေကို ကိုင်တွယ်ဖြေရှင်းနေပြီး လောလောဆယ်မှာတော့ စိုးရိမ်ရသည့် အန္တရာယ်မရှိတော့ပါဘူး” ဟု တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ AP သတင်းက ဆိုသည်။ ဒဏ်ရာရရှိသူကိုလည်း ဆေးဝါးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ကုန်စုံဆိုင်ကိုမူ ထပ်မံ အကြောင်းမကြားမချင်း ပိတ်ထားမည်ဖြစ်ကြောင်း အခြေစိုက်စခန်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
သေဆုံးသူနှင့် ဒဏ်ရာရသူများ၏ အချက်အလက်များကို ထုတ်ပြန်ကြေညာခြင်းမရှိသေးသကဲ့သို့ ပစ်ခတ်မှုနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုလည်း ထပ်မံထုတ်ပြန်ခြင်း မရှိသေးပေ။
ဟော်လိုမန်း လေတပ်အခြေစိုက်စခန်းသည် ဧရိယာ ၉၃ စတုရန်းမိုင် (၂၄၀ စတုရန်းကီလိုမီတာ) ကျယ်ဝန်းပြီး အမေရိကန် လေတပ်၏ အမျိုးသား လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေသည့် တိုက်ပွဲဝင်အသင့် လေတပ်တပ်ဖွဲ့ဝင်များနှင့် အာကာသတပ်ဖွဲ့ဝင်များပါဝင်သော အမှတ် (၄၉) တပ်မဟာ (49th Wing) အခြေစိုက်ရာနေရာဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
