စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် တိုက်ခိုက်မှုများသည် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိကြောင်း ပင်လယ်ကွေ့ ဒေသတွင်းနိုင်ငံများက သတိပေး
အီရန်နိုင်ငံ၏ South Pars သဘာဝဓာတ်ငွေ့မြေနှင့် ဆက်နွှယ်နေသော စွမ်းအင်ဆိုင်ရာအခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများသည် ကမ္ဘာလုံးဆိုင်ရာစွမ်းအင်လုံခြုံရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးအတွက် ပြင်းထန်သောခြိမ်းခြောက်မှုဖြစ်စေကြောင်း ပါရှန်ပင်လယ်ကွေ့ဒေသရှိ အာရပ်နိုင်ငံများက မတ်လ ၁၉ ရက်နေ့တွင် သတိပေး ပြောကြားလိုက်သည်။
ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့မြေဖြစ်သည့် South Pars အပါအဝင် အီရန်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး အဆောက်အအုံအချို့ ကို အမေရိကန်နှင့် အစ္စရေးတို့က တိုက်ခိုက်ခဲ့ကြောင်း တီဟီရန် အစိုးရ က ဗုဒ္ဓဟူးနေ့ (မတ် ၁၈) အစောပိုင်းတွင် စွပ်စွဲခဲ့သည်။
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် "ကာတာနိုင်ငံ၏ North Field နှင့် တစ်ဆက်တည်း ဖြစ်သော အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံရှိ South Pars မြေပြင်နှင့်ဆက်နွှယ်နေသည့် စွမ်းအင်ဆိုင်ရာအဆောက်အအုံများကို ပစ်မှတ်ထားခြင်း သည် ပဋိပက္ခကို ပြင်းထန်စွာမြှင့်တင်လိုက်ခြင်းဖြစ်သည်" ဟု အလေးပေးဖော်ပြထားသည်။
စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားခြင်းသည် ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှုကွင်းဆက်ကိုသာမက ဒေသတွင်းလုံခြုံရေး ကိုပါ တိုက်ရိုက်ခြိမ်းခြောက်ရာရောက်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။ ထို့အပြင် ဖြစ်ပေါ်လာနိုင်သော ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်ပျက်စီးမှု များ၊ အရပ်သားများအပေါ် ကျရောက်နိုင်သည့်ဘေးအန္တရာယ်များ၊ ရေကြောင်းသွားလာရေးနှင့် အရေးကြီးသောစက်မှုဇုန်ဆိုင်ရာ အဆောက် အအုံများအတွက် စိုးရိမ်ရမှုများကိုလည်း သတိပေးခဲ့သည်။
ယူအေအီးက နိုင်ငံတကာဥပဒေများကို တိကျစွာလိုက်နာရန် တောင်းဆိုခဲ့ပြီး မည်သည့်အခြေအနေမျိုးတွင်မဆို အရေးကြီးသော အခြေခံ အဆောက်အအုံများကို ပစ်မှတ်မထားရန်နှင့် ဒေသတွင်းတည်ငြိမ်ရေးကို ထိန်းသိမ်းရန် အဖွဲ့အစည်းအားလုံးကို တိုက်တွန်းခဲ့သည်။
ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Majed al-Ansari ကလည်း South Pars နှင့် ဆက်နွှယ်နေသော အဆောက်အအုံများ တိုက်ခိုက်ခံရမှုကို "လက်ရှိ ဒေသတွင်း စစ်ရေးတင်းမာမှုများကြားတွင် အန္တရာယ်ရှိပြီး တာဝန်မဲ့သော ခြေလှမ်းတစ်ရပ်" ဟု ဖော်ပြခဲ့သည်။ ထိုသို့သော လုပ်ရပ်များသည် စွမ်းအင်လုံခြုံရေးသာမက ပတ်ဝန်းကျင်နှင့် ဒေသတွင်းရှိ လူ့အဖွဲ့အစည်း၏ ဘေးကင်းလုံခြုံမှုကိုပါ ခြိမ်းခြောက် နေကြောင်း သတိပေးခဲ့ပြီး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန်နှင့် တင်းမာမှုများလျှော့ချရန် ထပ်လောင်းတောင်းဆိုခဲ့သည်။
အီရန်ပါလီမန်ဥက္ကဋ္ဌ Mohammad Bagher Ghalibaf ကမူ အီရန်၏ ရေနံအခြေခံအဆောက်အအုံများအပေါ် ရန်သူ၏ တိုက်ခိုက်မှုသည် "၎င်းတို့ အတွက် မိမိကိုယ်ကိုယ် သတ်သေခြင်းပင်ဖြစ်သည်" ဟု မတ်လ ၁၉ ရက်နေ့တွင် ပြောကြားလိုက်သည်။ ၎င်းက X လူမှုကွန်ရက်တွင် "မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး (အပြန်အလှန်တုံ့ပြန်မှု) ညီမျှခြင်းသည် တည်ရှိနေပြီးဖြစ်ကာ ပဋိပက္ခ၏ အဆင့်သစ်တစ်ခုစတင် နေပြီဖြစ်သည်" ဟု ရေးသားဖော်ပြခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
