ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့သိုက်ကို ဖောက်ခွဲဖျက်ဆီးပစ်မည်ဟု ထရမ့် ခြိမ်းခြောက်
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ (မတ် ၁၈) က အစ္စရေးသည် ပင်လယ်ကွေ့ အတွင်းရှိ အီရန်နှင့် ကာတာတို့ အတူတကွ ပိုင်ဆိုင်သော South Pars ဓာတ်ငွေ့သိုက်အတွင်းမှ အီရန်၏အဆောက်အအုံများကို စတင်တိုက်ခိုက်ခဲ့သည်။ South Pars ဓာတ်ငွေ့သိုက်သည် စတုရန်းကီလိုမီတာ ၁၀,၀၀၀ ခန့် ကျယ်ဝန်းပြီး သဘာဝဓာတ်ငွေ့ ကုဗပေ ၁,၈၀၀ ထရီလီယံခန့် ထွက်ရှိသည်ဟု ခန့်မှန်းရသည်။
ထိုတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်က ကာတာနိုင်ငံ၏ LNG (သဘာဝဓာတ်ငွေ့ရည်) စက်ရုံတစ်ခုကိုတိုက်ခိုက်ခဲ့ပြီး ပင်လယ်ကွေ့ ဒေသတစ်ဝှမ်းရှိ အဓိက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကိုလည်း လက်တုံ့ပြန်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသည်။
အစ္စရေး၏ South Pars တိုက်ခိုက်မှုသည် အမေရိကန်အရာရှိများနှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မီဒီယာအများအပြားက ဖော်ပြကြပြီး အမေရိကန်အစိုးရသည် ရေနံဆိုင်ရာ အဆောက်အအုံများထက် ဓာတ်ငွေ့ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်ခြင်းကို ပိုမိုလက်ခံနိုင်ဖွယ်ရှိကြောင်း Jerusalem Post သတင်းဌာန၏ ရင်းမြစ်တစ်ခုက ဆိုသည်။
သို့သော်လည်း သမ္မတ ထရမ့်သည် ဗုဒ္ဓဟူးနေ့ (မတ် ၁၈) က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အဆိုပါသတင်းများကို ပယ်ချခဲ့ပြီး "ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အမေရိကန်က ဘာမှမသိရှိခဲ့သလို ကာတာနိုင်ငံကလည်း ဘယ်လိုနည်းနဲ့မှ ပါဝင်ပတ်သက်ခြင်း မရှိပါဘူး" ဟု ရေးသားခဲ့သည်။ အီရန်နိုင်ငံအနေဖြင့် အဆိုပါအချက်ကို မသိရှိခဲ့ခြင်းကြောင့် ကာတာနိုင်ငံ၏ LNG (သဘာဝဓာတ်ငွေ့ရည်) စက်ရုံကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထရမ့်က အသိအမှတ်ပြု ပြောဆိုခဲ့သည်။
ဆက်လက်ပြီး ထရမ့်က "အလွန်အရေးကြီးပြီး တန်ဖိုးရှိသည့် South Pars ဓာတ်ငွေ့သိုက်အပေါ် အစ္စရေးအနေဖြင့် နောက်ထပ် မည်သည့် တိုက်ခိုက်မှုမျိုးမျှ လုပ်ဆောင်တော့မှာ မဟုတ်ဘူး" ဟု ကတိပြုခဲ့သည်။ သို့သော်လည်း အကယ်၍ အီရန်က ကာတာကို ထပ်မံတိုက်ခိုက်မည်ဆိုပါက အမေရိကန်သည် အစ္စရေးပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ "South Pars ဓာတ်ငွေ့သိုက်တစ်ခုလုံးကို အီရန်တစ်ခါမှ မမြင်ဖူး၊မကြုံဖူးသေးသည့် ပြင်းအားဖြင့် စွမ်းအားကိုသုံးပြီး အကြီးအကျယ် ဖောက်ခွဲဖျက်ဆီးပစ်မယ်" ဟု အီရန်အစိုးရကို သတိပေးခဲ့သည်။
တစ်ချိန်တည်းမှာပင် ရိုက်တာသတင်းဌာန၏ အဆိုအရ အမေရိကန်သည် အရှေ့အလယ်ပိုင်းသို့ ထောင်ပေါင်းများစွာသော စစ်ကူများကို စေလွှတ်ရန်စီစဉ်နေကြောင်း သိရှိရသည်။ ၎င်းတပ်ဖွဲ့များကို အီရန် ကမ်းရိုးတန်း၏ တစ်စိတ်တစ်ပိုင်းကိုသိမ်းပိုက်ခြင်းဖြင့် ဟော်မုဇ် ရေလက်ကြား ကို ထိန်းချုပ်ရန်သော်လည်းကောင်း အီရန်နိုင်ငံ၏ ရေနံတင်ပို့မှု ၉၀ ရာခိုင်နှုန်းကို လုပ်ဆောင်နေသည့် ခါ့ဂ်ကျွန်း (Kharg Island) ပေါ်သို့ တက်ရောက်သိမ်းပိုက်ရန်သော်လည်းကောင်း အသုံးပြုနိုင်ခြေရှိသည်။
South Pars ဓာတ်ငွေ့သိုက်ကို အစ္စရေးက တိုက်ခိုက်ပြီးနောက် အီရန် သည် ကုလသမဂ္ဂသို့ ကန့်ကွက်စာများ ပေးပို့ခဲ့သည်။ ထိုစာတွင် ကာတာ၊ ကူဝိတ်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့သည် "အမေရိကန် က မိမိတို့နိုင်ငံကို တိုက်ခိုက်နိုင်ရန်အတွက် ၎င်းတို့၏ နယ်မြေများကို ခွင့်ပြုပေးခဲ့ခြင်း" အပေါ် ပြင်းထန်စွာ ကန့်ကွက်ထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
