ပါကစ္စတန်၏ တိုးတက်လာသော ဒုံးကျည်အစီအစဉ်သည် အမေရိကန် အတွက် ခြိမ်းခြောက်မှုဖြစ်လာနိုင်ကြောင်း အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး ပြောကြား

News Image

  • ပါကစ္စတန်၏ တိုးတက်လာသော ဒုံးကျည်အစီအစဉ်သည် အမေရိကန် အတွက် ခြိမ်းခြောက်မှုဖြစ်လာနိုင်ကြောင်း အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ပြောကြား

ပါကစ္စတန်၏ တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာနေသော ဒုံးကျည်အစီအစဉ်သည် အမေရိကန်ပြည်ထောင်စုအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ကြောင်း အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး တူလ်စီ ဂတ်ဘတ် (Tulsi Gabbard) က ပြောကြားလိုက်သည်။ ၎င်းက ၂၀၂၆ ခုနှစ် နှစ်ပတ်လည် ခြိမ်းခြောက်မှုအကဲဖြတ်ခြင်းဆိုင်ရာ အစီရင်ခံစာတွင် ရုရှားနှင့် အခြားနိုင်ငံများနှင့်အတူ အဆိုပါ တောင်အာရှနိုင်ငံ (ပါကစ္စတန်) ကိုလည်း ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

ဗုဒ္ဓဟူးနေ့ (မတ် ၁၈) က ပြုလုပ်ခဲ့သော အမေရိကန် အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီတွင် ဂတ်ဘတ်က “ရုရှား၊ တရုတ်၊ မြောက်ကိုရီးယား၊အီရန်နဲ့ ပါကစ္စတန်တို့ဟာ နျူကလီးယား ဒါမှမဟုတ် သမားရိုးကျ ထိပ်ဖူးတွေတပ်ဆင်ပြီး ကျွန်မတို့နိုင်ငံရဲ့ နယ်နိမိတ်အတွင်းအထိ ရောက်ရှိ ပစ်ခတ်နိုင်သည့် ခေတ်မီဆန်းသစ်သည့် ဒုံးကျည်စနစ်တွေကို သုတေသနပြုတီထွင်နေကြပါတယ်” ဟု ပြောကြားခဲ့သည်။ ထို့အပြင် “ပါကစ္စတန်ရဲ့ တာဝေးပစ် ပစ်စဥ်ဒုံးကျည် (Ballistic Missile) ဖွံ့ဖြိုးတိုးတက်မှုဟာ အမေရိကန်မြေပြင်ကို တိုက်ရိုက်ထိမှန်နိုင်သည့် တိုက်ချင်းပစ်ဒုံးကျည် (ICBM) တွေအထိ ဖြစ်လာနိုင်ခြေရှိပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

၂၀၃၅ ခုနှစ်အရောက်တွင် အမေရိကန်အပေါ် ခြိမ်းခြောက်လာနိုင်သည့် ဒုံးကျည်အရေအတွက်မှာ စုစုပေါင်း ၃,၀၀၀ ကျော်မှ ၁၆,၀၀၀ ကျော် အထိ တိုးလာနိုင်ကြောင်း မျှော်လင့်ထားသည်ဟု ဂတ်ဘတ်က ကော်မတီသို့ ပြောကြားခဲ့သည်။ ဝါရှင်တန်အခြေစိုက် ပညာရှင် Shuja Nawaz ကမူ အဆိုပါအခြေအနေသည် “ပါကစ္စတန် အဖွဲ့အစည်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်ခဲ့ပြီး နည်းပညာသစ်များရရှိမှုကို ဟန့်တားရန် ကြိုးပမ်းခဲ့သည့် ဘိုင်ဒင်အစိုးရ၏ လေ့လာသုံးသပ်ချက်များကို ဆက်လက် ဖော်ပြနေခြင်းဖြစ်သည်” ဟု Dawn News သို့ ပြောကြားခဲ့သည်။

ဝါရှင်တန်နှင့် အစ္စလာမ်မာဘတ်တို့၏ ဆက်ဆံရေးမှာ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း တက်လိုက်ကျလိုက် ဖြစ်ခဲ့ဖူးသည်။ ပါကစ္စတန် သည် စစ်အေးတိုက်ပွဲကာလအတွင်း အမေရိကန်၏ မဟာမိတ်ဖြစ်ခဲ့ပြီး အရှေ့တောင်အာရှစာချုပ်အဖွဲ့ (SEATO) နှင့် အလယ်ပိုင်းစာချုပ်အဖွဲ့ (CENTO) အပါအဝင် ဝါရှင်တန်ဦးဆောင်သည့် အစီအစဉ်များတွင် ပါဝင်ခဲ့ဖူးသည်။

အမေရိကန်သည် ၂၀၀၄ ခုနှစ်တွင် ပါကစ္စတန်ကို NATO အဖွဲ့ဝင်မဟုတ်သော အဓိကမဟာမိတ်နိုင်ငံအဖြစ် ကြေညာခဲ့သော်လည်း နောက်ပိုင်းတွင်မူ အစ္စလာမ်မာဘတ်သည် အာဖဂန်တာလီဘန်များကို ကူညီပံ့ပိုးနေပြီး ၂၀၂၁ ခုနှစ်အထိ စစ်ဘေးသင့်နေသော ထိုနိုင်ငံအတွင်းရှိ အမေရိကန်၏ အကျိုးစီးပွားများကို ထိခိုက်အောင်လုပ်ဆောင်နေသည်ဟု စွပ်စွဲခဲ့သည်။

ယခုနှစ်အစောပိုင်းတွင် အစ္စလာမ်မာဘတ်သည် ဂါဇာဒေသ၏ စစ်ပြီးခေတ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကြီးကြပ်ရန်ရည်ရွယ်သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ Board of Peace တွင် ပါဝင်ခဲ့သည်။ အဆိုပါ တောင်အာရှနိုင်ငံသည် တရုတ်နိုင်ငံနှင့်လည်း ရင်းနှီးသော ဆက်ဆံရေးရှိပြီး သမ္မတ ရှီကျင့်ဖျင်၏ Belt and Road (ပိုးလမ်းမစီမံကိန်း) တွင်လည်း ပါဝင်ထားသည်။ ထို့အပြင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (SCO) ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံလည်း ဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂