အီရန်စစ်ပွဲ၏ နောက်ထပ်ခြေလှမ်းများအတွက် အမေရိကန် တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ရန် ထရမ့်အစိုးရစဉ်းစားနေပြီး ရန်ပုံငွေ တိုးမြှင့်တောင်းခံရန် ပြင်ဆင်နေ

News Image

  • အီရန်စစ်ပွဲ၏ နောက်ထပ်ခြေလှမ်းများအတွက် အမေရိကန် တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ရန် ထရမ့်အစိုးရစဉ်းစားနေပြီး ရန်ပုံငွေ တိုးမြှင့်တောင်းခံရန် ပြင်ဆင်နေ

အမေရိကန်အစိုးရသည် အီရန်နှင့်ဖြစ်ပွားနေသောစစ်ပွဲ၏ နောက်ထပ် ခြေလှမ်းများအတွက် ပြင်ဆင်သည့်အနေဖြင့် အရှေ့အလယ်ပိုင်း ဒေသသို့ အမေရိကန်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ထပ်မံစေလွှတ်ရန် စဉ်းစားနေကြောင်း အမေရိကန်အရာရှိတစ်ဦးအပါအဝင် ဖြစ်စဉ်ကို နီးစပ်သည့် ပုဂ္ဂိုလ်အချို့က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

အကယ်၍ အစိုးရအဖွဲ့အနေဖြင့် တပ်ဖြန့်ကြက်ချထားမှုကို ဆက်လက် လုပ်ဆောင်ပါက လွန်ခဲ့သည့်သီတင်းပတ်က မရိန်းတပ်ဖွဲ့ဝင်နှင့် ရေတပ်သား ၂,၅၀၀ ခန့်ပါဝင်သော မရိန်းတပ်ဖွဲ့ (Marine Expeditionary Unit) ကို အဆိုပါဒေသသို့စေလွှတ်ခဲ့သည့် ပင်တဂွန်၏ လုပ်ဆောင်ချက် နောက်ပိုင်း နောက်ထပ်တိုးမြှင့်လိုက်သည့် ခြေလှမ်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mike Waltz က တနင်္ဂနွေနေ့ (မတ် ၁၅) တွင် Fox News သို့ ပြောကြားရာ၌ စစ်တပ်အနေဖြင့် သမ္မတ ဒေါ်နယ်ထရမ့်အား စစ်သေနာပတိချုပ် တစ်ဦး အနေဖြင့် ၎င်းရွေးချယ်သမျှကိုလုပ်ဆောင်နိုင်ရန် လေ့ကျင့်ထားပြီး လက်နက်တပ်ဆင်ထားကာ အသင့်အနေအထားရှိသည့်တပ်ဖွဲ့များ ထားရှိနိုင်ရေး အတွက် ရွေးချယ်စရာ နည်းလမ်းများကို တင်ပြထားကြောင်း ဆိုသည်။

တစ်ချိန်တည်းမှာပင် ပင်တဂွန်သည် အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ကျော်ကို လွှတ်တော်ထံမှ တောင်းခံရန် ကြိုးပမ်းနေပြီး အဆိုပါတောင်းခံမှုအတွက် အိမ်ဖြူတော်၏ အတည်ပြုချက်ကို ရယူထားကြောင်း Washington Post သတင်းစာက ဖော်ပြခဲ့သည်။

လွှတ်တော်ထံမှ ရန်ပုံငွေမည်မျှတောင်းခံမည်ဆိုသည့် ဆုံးဖြတ်ချက်ကို နောက်ဆုံးတွင် အိမ်ဖြူတော်ကသာ ချမှတ်ရမည်ဖြစ်သည်။ အိမ်ဖြူတော် အဆင့်မြင့်အရာရှိတစ်ဦးကမူ ပင်တဂွန်၏တောင်းခံမှုသည် လွှတ်တော်တွင် အတည်ပြုချက်ရရှိရန် လက်တွေ့မကျနိုင်ကြောင်း အိမ်ဖြူတော်အရာရှိ အချို့က ယူဆနေကြသည်ဟု Washington Post သို့ ပြောကြားခဲ့သည်။

စစ်ပွဲစတင်ပြီး ပထမ ၆ ရက်အတွင်း အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ကုန်ကျခဲ့ကြောင်း ကနဦးခန့်မှန်းချက်များအရ ပင်တဂွန်က လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်ဟု CNN က ယခင်က ဖော်ပြခဲ့သည်။ ပဋိပက္ခ၏ ပထမ ၂ ရက်အတွင်းမှာပင် အမေရိကန် စစ်တပ် သည် ဒေါ်လာ ၅ ဘီလီယံကျော်တန်ဖိုးရှိ ခဲယမ်းများကို အသုံးပြုခဲ့ပြီး ဖြစ်သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂