အီရန်နျူကလီးယားအရေးအပေါ် အမေရိကန်အစိုးရအဖွဲ့အတွင်း အမြင်ကွဲလွဲမှုများ ဖြစ်ပေါ်နေ
အီရန်နိုင်ငံ၏ နျူကလီးယားလက်နက် ပိုင်ဆိုင်နိုင်စွမ်း နီးကပ်လာမှုအပေါ် သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် သည်းခံလိမ့်မည်မဟုတ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီတာ ဟက်ဆက်သ်က ကြာသပတေးနေ့ (မတ် ၁၉) ပင်တဂွန်သတင်းစာရှင်းလင်းပွဲတွင် သတိပေးပြောကြားလိုက်သည်။ သို့သော် ၎င်း၏ ပြောကြားချက်မှာ အီရန်၏ နျူကလီးယားအစီအစဉ်များ ပျက်စီးသွားပြီဖြစ်ကြောင်း ပြောဆိုထားသည့် အမျိုးသား ထောက်လှမ်းရေးညွှန်ကြားရေးမှူး တူလ်ဆီ ဂတ်ဘတ်၏ ထွက်ဆိုချက်နှင့် ကွဲလွဲနေကြောင်း တွေ့ရှိရသည်။
စစ်မက်ရေးရာဝန်ကြီး ဟက်ဆက်သ်က အီရန်ကဲ့သို့သော အစိုးရမျိုး နျူကလီးယားလက်နက် ပိုင်ဆိုင်နိုင်စွမ်းနှင့် နီးကပ်လာခြင်းကို သမ္မတ ထရမ့်က လက်ခံမည်မဟုတ်ဘဲ ရန်သူများ၏ ခြိမ်းခြောက်မှုကို အလေးအနက်ထားရန် လိုအပ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ ထို့အပြင် အီရန်သည် သာမန်လက်နက်အင်အားနှင့် ဒရုန်းထုတ်လုပ်မှုများကို အကာအကွယ်ယူ၍ နျူကလီးယားအစီအစဉ်ကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းနေကြောင်းနှင့် ‘သမ္မတထရမ့်က နှိမ်နင်းမည်မဟုတ်ဟု အီရန်ဘက်က အထင်မှားနေကြောင်း’ ၎င်းက ဝေဖန်ခဲ့သည်။
အခြားတစ်ဖက်တွင်မူ အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး တူလ်ဆီ ဂတ်ဘတ်က ပြီးခဲ့သည့် ဇွန်လက ပြုလုပ်ခဲ့သော Operation Midnight Hammer လေကြောင်းတိုက်ခိုက်မှုများကြောင့် အီရန်၏ နျူကလီးယားသန့်စင်မှုအစီအစဉ်များမှာ အကုန်အစင်ပျက်စီးသွားခဲ့ပြီ ဖြစ်ကြောင်းနှင့် အဆိုပါစီမံကိန်းများကို ပြန်လည်စတင်ရန် သိသာထင်ရှားသည့် ကြိုးပမ်းမှုမျိုးမတွေ့ရကြောင်း ဗုဒ္ဓဟူးနေ့ (မတ် ၁၈) လွှတ်တော်ကြားနာပွဲတွင် သက်သေထွက်ဆိုခဲ့သည်။ သို့သော် အဆိုပါ လေကြောင်းတိုက်ခိုက်မှုများက အီရန်၏ နျူကလီးယားအစီအစဉ်ကို လုံးဝဥဿုံ ဖျက်ဆီးနိုင်ခြင်းမရှိခဲ့ကြောင်း ထောက်လှမ်းရေးအကဲဖြတ်ချက်အချို့ကို ကိုးကား၍ CNN က ယခင်က ဖော်ပြခဲ့ဖူးသည်။
ကိုးကား- CNN
Photo: PBS
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
