အီရန်ရှိ စစ်ဘက်ပစ်မှတ်များကို အမေရိကန် ဆက်လက်ရှာဖွေ ချေမှုန်းမည်ဟု ဗိုလ်ချုပ်ကြီး Dan Caine အတည်ပြုပြောကြား
အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Dan Caine က အီရန်နိုင်ငံအတွင်းရှိ စစ်ဘက်ဆိုင်ရာအဆောက်အအုံများနှင့် ပိုင်ဆိုင်မှု များကို အမေရိကန်တပ်ဖွဲ့များက ဆက်လက်ရှာဖွေချေမှုန်း (Hunt and Kill) သွားမည်ဖြစ်ကြောင်း မတ်လ ၁၉ ရက်နေ့တွင် အတည်ပြုပြောကြားလိုက်သည်။
၎င်းက မကြာသေးမီကပြုလုပ်ခဲ့သော စစ်ရေးလှုပ်ရှားမှုများတွင် အသုံးပြုခဲ့သည့် လက်နက်စနစ်များနှင့် ပစ်မှတ်ထားရာနေရာများကိုပါ အသေးစိတ် ထုတ်ဖော်ပြောဆိုခဲ့ရာ ၎င်းတို့တွင် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို တိုက်ခိုက်ရန် A-10 Warthog တိုက်လေယာဉ်များကို အသုံးပြုခဲ့ခြင်းနှင့် အီရတ်အတွင်းရှိ အီရန်လိုလားသော လက်နက်ကိုင်အဖွဲ့များကို နှိမ်နင်းရန်နှင့် ဒရုန်းများကိုပစ်ချရန် AH-64 Apache တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို အသုံးပြုခဲ့ခြင်းတို့ ပါဝင်သည်။
ထို့အပြင် မြေအောက်သိုလှောင်ရုံများကို ဖျက်ဆီးရန်အတွက် ပေါင် ၅,၀၀၀ ရှိ ဖောက်ထွင်းရေးဗုံး (5,000-Pound Penetrator) အမျိုးအစားများကို အသုံးပြုခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။ ဗိုလ်ချုပ်ကြီး Caine ၏ ပြောကြားချက်အရ အမေရိကန်သည် အီရန်၏ ကာမီကာဇေဒရုန်းနှင့် ဒုံးကျည်စခန်းများကို တန်ပြန်ရန်အတွက် အီရန်ဝေဟင်ပိုင်နက်အတွင်းသို့ ယခင်ကထက် ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက် ပျံသန်းလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ စစ်ဆင်ရေးများ ပြုလုပ်ခြင်းသည် အီရန် နိုင်ငံအနေဖြင့် ၎င်း၏ နယ်စပ်ပြင်ပသို့ စစ်အင်အားဖြန့်ကြက်နိုင်စွမ်းကို ထိရောက်စွာ ဟန့်တား ဖျက်ဆီးပစ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးက အလေးပေး ပြောကြားခဲ့သည်။
ကိုးကား- CNN
Photo: The Washington Post
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
