ရုရှားနိုင်ငံ၏ အိုင်တီအိုလံပစ်ပြိုင်ပွဲသို့ နိုင်ငံပေါင်း ၃၄ နိုင်ငံမှ နည်းပညာရှင်များ ပါဝင်ဆင်နွှဲ

News Image

  • ရုရှားနိုင်ငံ၏ အိုင်တီအိုလံပစ်ပြိုင်ပွဲသို့ နိုင်ငံပေါင်း ၃၄ နိုင်ငံမှ နည်းပညာရှင်များ ပါဝင်ဆင်နွှဲ

ရုရှားနိုင်ငံသည် အထက်တန်းကျောင်းသားများအတွက် ပထမဆုံး အကြိမ်အဖြစ် နိုင်ငံတကာ စက်မှုဆော့ဖ်ဝဲလ်ဖွံ့ဖြိုးတိုးတက်မှု အိုလံပစ်ပြိုင်ပွဲ (PROD) ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ရာ ရုရှားနိုင်ငံနှင့် အခြားနိုင်ငံပေါင်း ၃၃ နိုင်ငံမှ လူငယ် IT ဝါသနာရှင်ထောင်ပေါင်းများစွာ ပါဝင်ဆင်နွှဲ ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲကို ဒီဇင်ဘာလမှ မတ်လအတွင်း အဆင့်ဆင့်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ် တတိယအကြိမ်မြောက်တွင် ပထမဆုံး အကြိမ်အဖြစ် နိုင်ငံတကာအဆင့်သို့ တရားဝင်တိုးမြှင့်ကာ အင်္ဂလိပ်နှင့် ရုရှား နှစ်ဘာသာဖြင့် ယှဉ်ပြိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

PROD ပြိုင်ပွဲသည် Grade 8 မှ Grade 12 ကျောင်းသားများအတွက် အဓိက IT ကုမ္ပဏီကြီးများ၏ ဆော့ဖ်ဝဲလ်ဖန်တီးပုံနှင့် အကြီးစား စီမံကိန်း များ စီမံခန့်ခွဲပုံတို့ကို လက်တွေ့လေ့လာနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ပြိုင်ပွဲအဆင့်အများစုကို အွန်လိုင်းမှတစ်ဆင့်ကျင်းပခဲ့သဖြင့် ကမ္ဘာတစ်ဝန်းမှ လျှောက်ထားသူ ၁၂,၀၀၀ ကျော်ရှိခဲ့ပြီး ၎င်းတို့အနက် ၄,၀၀၀ ကျော်မှာ ပင်မအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ မော်စကိုမြို့တွင် ပြုလုပ်သည့် နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် အိန္ဒိယ၊ အမေရိကန်၊ ဘယ်လာရုစ်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့မှ ထူးချွန်ကျောင်းသားများအပါအဝင် စုစုပေါင်း ၃၃၇ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ၂၂ ဦးမှာ ထိပ်တန်းဆုများကို ဆွတ်ခူးနိုင်ခဲ့သည်။

၅ ရက်ကြာကျင်းပခဲ့သည့် အစီအစဉ်အတွင်း အသင်းများအနေဖြင့် T-Bank အက်ပလီကေးရှင်းအတွင်းရှိ ဝန်ဆောင်မှုများ၊ AI လက်ထောက်စနစ် နှင့် ဂိမ်းများကဲ့သို့သော လက်တွေ့အသုံးချ IT ထုတ်ကုန်များကို ထိပ်တန်း နည်းပညာကျွမ်းကျင်သူ ၁၀၀ ကျော်နှင့် Central University မှ ကထိက များ၏ လမ်းညွှန်မှုဖြင့် ဖန်တီးခဲ့ကြသည်။ T-Education စီမံကိန်းအကြီးအကဲ Varvara Smirnova က ပြိုင်ပွဲ၏ အတိုင်းအတာနှင့် ကျောင်းသားများ၏ တိုးတက်လာမှုကို ချီးကျူးခဲ့ပြီး ပါဝင်ယှဉ်ပြိုင်သူ အမေရိကန် ကျောင်းသားတစ်ဦးကလည်း ပြိုင်ပွဲအတွင်းရရှိခဲ့သည့် အပြန်အလှန်လေ့လာသင်ယူမှုအတွေ့အကြုံများအပေါ် အထူးကျေနပ်မိကြောင်း ပြောကြားခဲ့သည်။

ဆုရရှိသည့် ကျောင်းသားများသည် Central University တွင် ပညာသင်ကြားရန်အတွက် သင်တန်းကြေး အပြည့်အဝပါဝင်သော ထောက်ပံ့ကြေး များ၊ HSE တက္ကသိုလ်နှင့် ပူးတွဲဖွင့်လှစ်သည့် သင်တန်းများအတွက် ၉၀ ရာခိုင်နှုန်းအထိ လျှော့စျေးများနှင့် T-Bank တွင် အလုပ်သင်အဖြစ် ဝင်ရောက်နိုင်မည့် အထူးအခွင့်အရေးများကို ရရှိကြမည်ဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂