နိုင်ငံခြားရေးဝန်ကြီး Rubio နှင့် ကာကွယ်ရေးဝန်ကြီး Hegseth တို့ နေထိုင်ရာ စစ်အခြေစိုက်စခန်းအပေါ်တွင် အမည်မသိဒရုန်းများ ပျံသန်းမှုဖြစ်ပွား

News Image

  • နိုင်ငံခြားရေးဝန်ကြီး Rubio နှင့် ကာကွယ်ရေးဝန်ကြီး Hegseth တို့ နေထိုင်ရာ စစ်အခြေစိုက်စခန်းအပေါ်တွင် အမည်မသိဒရုန်းများ ပျံသန်းမှု ဖြစ်ပွား

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio နှင့် ကာကွယ်ရေးဝန်ကြီး Pete Hegseth တို့ နေထိုင်ရာ အမေရိကန်စစ် အခြေစိုက်စခန်းအပေါ်တွင် အမည်မသိဒရုန်းများကိုတွေ့ရှိခဲ့ကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ ဝါရှင်တန်ပို့စ် (Washington Post) သတင်းစာက ကြာသပတေးနေ့ (မတ် ၁၉) တွင် ဖော်ပြခဲ့သည်။ 

ဝါရှင်တန်ဒီစီရှိ Fort Lesley J. McNair စစ်အခြေစိုက်စခန်းသို့ လွန်ခဲ့သည့် ၁၀ ရက်အတွင်း ဒရုန်းအစင်းရေ အများအပြား ကျူးကျော် ပျံသန်းခဲ့ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ဝါရှင်တန် ပို့စ်သို့ ပြောကြားခဲ့သည်။ ထိုကဲ့သို့ ဒရုန်းများ တွေ့ရှိရမှုသည် အမေရိကန်နှင့် အစ္စရေးတို့က အီရန်၏ အမြင့်ဆုံးခေါင်းဆောင် Ayatollah Ali Khamenei အပါအဝင် ထိပ်တန်းအရာရှိ အများအပြားကို လုပ်ကြံ သတ်ဖြတ်ခဲ့ပြီးနောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အီရန်အစိုးရက ယင်းတိုက်ခိုက်မှုများကို တရားမဝင်သောလုပ်ရပ်များ အဖြစ်ဖော်ပြကာ ပြတ်သားသောတုံ့ပြန်မှုများ ပြုလုပ်သွားမည်ဟု ကတိပြု ထားသည်။ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ လျှို့ဝှက်စစ်ဆင်ရေး အထူးတပ်ဖွဲ့ (Quds Force) ကလည်း "အမေရိကန်နှင့် အစ္စရေးအရာရှိများသည် ကမ္ဘာ့မည်သည့်နေရာတွင်မဆို ဘေးကင်းတော့မည်မဟုတ်သလို၊ ၎င်းတို့၏ ကိုယ်ပိုင်နေအိမ်များတွင်ပင် လုံခြုံမှုရှိတော့မည် မဟုတ်ကြောင်း" သတိပေး ပြောကြားထားသည်။

အုပ်ချုပ်ရေးပိုင်းမှ အဆင့်မြင့်အရာရှိတစ်ဦးက လုံခြုံရေးဆိုင်ရာ စိုးရိမ်ရမှုများ မြင့်တက်လာခြင်းကြောင့် စစ်ဘက်မှစောင့်ကြည့်စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်နေကြောင်း ဝါရှင်တန်ပို့စ်သို့ ပြောကြားခဲ့သည်။ ထို့အပြင် ယခုကဲ့သို့ ဒရုန်းများတွေ့ရှိရမှုကြောင့် အိမ်ဖြူတော်တွင် အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ရပြီး နိုင်ငံခြားရေးဝန်ကြီး Rubio နှင့် ကာကွယ်ရေးဝန်ကြီး Hegseth တို့ကို အခြားနေရာသို့ ပြောင်းရွှေ့ရန် တာဝန်ရှိသူများက စဉ်းစားခဲ့ကြကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ သို့သော်လည်း ၎င်းတို့နှစ်ဦးစလုံးမှာ အဆိုပါစစ်အခြေစိုက်စခန်း၌ပင် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ဝါရှင်တန်ပို့စ်၏ သတင်းရင်းမြစ်များက ဆိုသည်။

Fort McNair စစ်အခြေစိုက်စခန်းသည် လွှတ်တော်အဆောက်အအုံ (Capitol Hill) နှင့် အိမ်ဖြူတော်တို့အနီးတွင်တည်ရှိပြီး အမျိုးသား ကာကွယ်ရေးတက္ကသိုလ် (National Defense University) နှင့် ပင်တဂွန်အဆင့်မြင့်အရာရှိကြီးများ နေထိုင်ရာနေရာလည်း ဖြစ်သည်။ သို့သော်လည်း ဝါရှင်တန်ပို့စ်၏ဖော်ပြချက်အရ အဆိုပါစခန်းသည်မြို့တော်ဧရိယာရှိ အခြားသော စစ်ဘက်ဆိုင်ရာတပ်ဆင်မှုများနှင့် မတူဘဲ လုံခြုံရေးအရ ကြားခံနယ်မြေ (Security Buffer) အားနည်းချက်ရှိနေကြောင်း သိရှိရသည်။

အမေရိကန် ထောက်လှမ်းရေးအသိုင်းအဝိုင်းက အီရန်၏ လက်တုံ့ပြန်မှု ဖြစ်လာနိုင်ခြေရှိကြောင်း အမေရိကန် ကုမ္ပဏီများနှင့် အစိုးရအေဂျင်စီ များသို့ သီးသန့်သတိပေးချက်များထုတ်ပြန်ထားပြီး နိုးနိုးကြားကြားရှိကြရန် တိုက်တွန်းထားစဉ်အတွင်း ယခုသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ယခုသီတင်းပတ်အစောပိုင်းတွင် ပြည်ပရှိ အမေရိကန်သံရုံးနှင့် အဖွဲ့အစည်းများအားလုံး ၎င်းတို့၏ လုံခြုံရေးအန္တရာယ်များကို ချက်ချင်းပြန်လည်သုံးသပ်ရန် ညွှန်ကြားခဲ့သည်။

အီရန်စစ်ပွဲကြောင့် ကာလီဖိုးနီးယားပြည်နယ် အာဏာပိုင်များထံသို့လည်း အလားတူ သတိပေးချက်များရောက်ရှိခဲ့သော်လည်း ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom ကမူ လက်ငင်းဖြစ်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုမျိုး မိမိတို့မသိရှိရသေးကြောင်း အခိုင်အမာပြောကြားခဲ့သည်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt ကလည်း အဆိုပါထုတ်ပြန်ချက်ကို ထပ်လောင်းအတည်ပြုခဲ့ပြီး "အီရန်ထံမှ မိမိတို့၏ မိခင်နိုင်ငံအပေါ် ထိုကဲ့သို့သောခြိမ်းခြောက်မှုမျိုး မရှိသလို၊ ဘယ်တုန်းကမှလည်း မရှိခဲ့ပါ" ဟု ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂