တက္ကသိုလ်/ကောလိပ် ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၂၅)၏ သင်တန်းဆင်းပွဲကျင်းပ
နေပြည်တော် မတ် ၂၀
တက္ကသိုလ်/ ကောလိပ် ဆရာ၊ ဆရာမများအထူးမွမ်းမံသင်တန်းအမှတ်စဉ်(၂၅)၏ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် အဓိကလိုအပ်ချက်သည် နိုင်ငံသားအားလုံး အသိဉာဏ်ပညာပြည့်ဝရေးနှင့် အတွေးအခေါ်မှန်ကန်ရေးဖြစ်ကြောင်း၊ ယခုသင်တန်းကို တက္ကသိုလ်/ကောလိပ် အသီးသီးရှိ သင်ကြားရေး ဆရာ၊ ဆရာမများ၏ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်စေပြီး အဆင့်မြင့်ပညာရေးနှင့် စပ်လျဉ်းသော ဗဟုသုတများ၊ နိုင်ငံ့ဝန်ထမ်းများနှင့်သက်ဆိုင်သော အသိပညာများတိုးပွားလာစေရန်၊ အစုအဖွဲ့ဖြင့် လုပ်ကိုင်ဆောင်ရွက်ရာတွင် ညှိနှိုင်းပေါင်းစပ်လုပ်ကိုင်နိုင်ပြီး ယုံကြည်ချက်၊ ခံယူချက်၊ စိတ်နေစိတ်ထားများ ပိုမိုကောင်းမွန်လာ စေရန်နှင့် အခြေခံကာကွယ်ရေးပညာကို နားလည်သဘောပေါက်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ ဝန်ကြီးဌာနရှစ်ခုမှ သင်တန်းသား ၆၈ ဦး၊ သင်တန်းသူ ၃၀၅ ဦး စုစုပေါင်း ၃၇၃ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ ငါးပတ် ကြာမြင့်ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် တက္ကသိုလ်တာဝန်ရှိသူများနှင့်အတူ တက္ကသိုလ်ရှိပတ္တမြားခန်းမတွင် အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားကာ တက္ကသိုလ်စာကြည့်တိုက်၊မဟော်သဓာခန်းမနှင့် စစ်တောင်းဆောင် ပြင်ဆင်ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ တက္ကသိုလ်တွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားရှိသည့် စိုက်ခင်းများကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စံပယ်ဆောင်တွင် အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၀၅) သင်တန်းသူများနှင့်အတူ နေ့လယ်စာအတူ သုံးဆောင်ခဲ့ကြောင်း သိရသည်။
MWD
