ပင်လယ်နက်ပိုင်းအထိ ဆင်းသက်ကြည့်ရှုနိုင်မယ့် တရုတ်နိုင်ငံရဲ့ ခရီးသည်တင် ရေငုပ်သင်္ဘောအသစ်
တရုတ်နိုင်ငံဟာ အလင်းရောင်မရတဲ့ ပင်လယ်နက်ပိုင်းအထိ ဆင်းသက်ကြည့်ရှုနိုင်မယ့် ခရီးသည်တင် ရေငုပ်သင်္ဘောအသစ်ရဲ့ ပုံစံကို နောက်ဆုံးအဆင့် အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ပေ ၃၂၈၀ အနက်အထိ ဆင်းနိုင်တဲ့ ဒီရေငုပ်သင်္ဘောဟာ နိုင်ငံရဲ့ ပထမဆုံးသော ပင်လယ်နက် ခရီးသွားလုပ်ငန်းအတွက် ရည်ရွယ်တာပါ။ ဝူရှီးမြို့မှာရှိတဲ့ သင်္ဘောသုတေသနစင်တာက ဒီစီမံကိန်းကို အရှိန်မြှင့် လုပ်ဆောင်နေပြီး ဒီနှစ်မကုန်ခင်မှာ အပြီးသတ် တည်ဆောက်သွားဖို့ ရှိပါတယ်။
ရေငုပ်သင်္ဘောက တစ်ကြိမ်မှာခရီးသည် လေးဦးအထိ တင်ဆောင်နိုင်မှာဖြစ်ပြီး ပတ်ဝန်းကျင်ကို ၃၆၀ ဒီဂရီ ပတ်လည်မြင်ကွင်းကျယ်ကြည့်ရှုနိုင်ဖို့ ဖန်တီးထားပါတယ်။ အပူချိန် ၄ ဒီဂရီစင်တီဂရိတ်ရှိပြီး အလွန်အမင်းဖိအားများတဲ့ ပင်လယ်နက်ပိုင်းမှာ ဘေးကင်းစွာသွားလာနိုင်ဖို့ သိပ္ပံနည်းကျ အဆင့်မြင့်နည်းပညာတွေကို အသုံးပြုထားတာပါ။ တရုတ်နိုင်ငံမှာ လက်ရှိသုံးနေတဲ့ ခရီးသွားရေငုပ်သင်္ဘောတွေဟာ မီတာ ၂၀ ခန့်သာဆင်းနိုင်ပေမယ့် အခုအသစ်ကတော့ နာမည်ကျော် ကျောင်းလုံသိပ္ပံသုံးရေငုပ်သင်္ဘောရဲ့ နည်းပညာတွေကို အခြေခံထားတာ ဖြစ်ပါတယ်။ ဒီခရီးစဉ်တွေအတွက် လက်မှတ်ခဟာ ဒေါ်လာထောင်ဂဏန်းမှ သောင်းဂဏန်းအထိ ရှိနိုင်ပါတယ်။
Ref: IE
ကိုထက်
MWD
