Fitness App များသည် လုံခြုံရေးနှင့် ကမ္ဘာ့ခေါင်းဆောင်များအတွက် ခြိမ်းခြောက်မှုဖြစ်လာ
Strava ကဲ့သို့သော Fitness App များသည် သာမန် အားကစားသမားများအတွက် ရည်ရွယ်ထုတ်လုပ်ထားသော်လည်း လက်ရှိတွင် ကမ္ဘာလုံး ဆိုင်ရာ စောင့်ကြည့်ထောက်လှမ်းရေးကိရိယာများသဖွယ်ဖြစ်လာပြီး နိုင်ငံတော်အဆင့် လုံခြုံရေးလျှို့ဝှက်ချက်များကို ပေါက်ကြားစေလျက်ရှိကြောင်း ပြင်သစ်သတင်းစာ Le Monde နှင့် အခြားစုံစမ်း စစ်ဆေးမှုများက ဖော်ပြခဲ့သည်။
နောက်ဆုံးဖြစ်ရပ်အနေဖြင့် ပြင်သစ်ရေတပ်အရာရှိတစ်ဦး၏ Strava အက်ပ်အသုံးပြုမှုကြောင့် ပြင်သစ်၏ တစ်စီးတည်းသော လေယာဉ်တင် သင်္ဘော Charles de Gaulle သည် တူရကီကမ်းရိုးတန်းအနီး ရောက်ရှိနေသည့် တည်နေရာအတိအကျနှင့် လမ်းကြောင်းများမှာ အများပြည်သူ ကြည့်ရှုနိုင်သည့် မြေပုံပေါ်တွင် ပေါ်ထွက်ခဲ့ရသည်။ ဤသည်မှာ စစ်ဘက်ဝန်ထမ်းများ၏ ဒစ်ဂျစ်တယ်ပေါ့ဆမှုကြောင့် လျှို့ဝှက်စစ်ဆင်ရေးများ အပေါ် ထိခိုက်စေနိုင်သည့် သိသာထင်ရှားသော သာဓကတစ်ခု ဖြစ်လာ ခဲ့သည်။
အဆိုပါအက်ပ်များသည် အသုံးပြုသူများ၏ လှုပ်ရှားမှုအများဆုံး နေရာများကို ပြသသည့် Global Heatmap ကို ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီးနောက်တွင် ပိုမိုစိုးရိမ်စရာဖြစ်လာခဲ့သည်။ စုံစမ်းစစ်ဆေးရေး ဂျာနယ်လစ်များနှင့် ထောက်လှမ်းရေးအဖွဲ့များသည် အဆိုပါ အချက်အလက်များကို အသုံးပြု၍ ဆီးရီးယား၊ အာဖဂန်နစ္စတန်နှင့် ဂျီဘူတီတို့ရှိ CIA ၏ လျှို့ဝှက်စခန်းများ၊ ကင်းလှည့်လမ်းကြောင်းများနှင့် ရိက္ခာထောက်ပံ့ရေး လမ်းကြောင်းများကိုပါ ဖော်ထုတ်နိုင်ခဲ့ကြသည်။
ထို့အပြင် ပြင်သစ်နျူကလီးယားရေငုပ်သင်္ဘောများ၏ ကင်းလှည့်ချိန်ဇယားများ ပေါက်ကြားခဲ့ခြင်းနှင့် ၂၀၂၃ ခုနှစ်တွင် ရုရှားရေငုပ် သင်္ဘော တပ်မှူးဟောင်းတစ်ဦး အပြေးလေ့ကျင့်နေစဉ် လုပ်ကြံခံရမှုတို့ သည်လည်း ထိုကဲ့သို့သော အက်ပ်များမှ ရရှိသည့် တည်နေရာအချက်အလက်များကို အသုံးချခဲ့ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ရသည်။
စစ်ဘက်ဆိုင်ရာသာမက ကမ္ဘာ့ထိပ်သီးခေါင်းဆောင်များ၏ လုံခြုံရေးသည်လည်း အဆိုပါအက်ပ်များကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် နှင့် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် တို့၏ လုံခြုံရေးအဖွဲ့ဝင် များသည် အဆိုပါအက်ပ်များကို ပေါ့ဆစွာအသုံးပြုခဲ့ကြသဖြင့် သတင်းထောက်များသည် ခေါင်းဆောင်များ၏ ခရီးစဉ်များ၊ တည်းခိုမည့်နေရာများနှင့် လုံခြုံရေးအဖွဲ့ဝင်များ၏ ကိုယ်ရေးအချက်အလက်များကိုပါ ခြေရာခံနိုင်ခဲ့ကြသည်။
ထိုဖြစ်ရပ်များက ခေတ်သစ်နည်းပညာခေတ်တွင် စစ်ဘက်နှင့် အစိုးရဝန်ထမ်းများအနေဖြင့် ဒစ်ဂျစ်တယ်ခြေရာ (Digital Footprint) ချန်ထား မိခြင်း၏ အန္တရာယ်ကို သတိပြုရန်နှင့် ဆိုက်ဘာလုံခြုံရေးစည်းကမ်းများကို တင်းကျပ်စွာလိုက်နာရန် အရေးကြီးကြောင်း အထင်အရှားပြသ လျက်ရှိသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
