နွေရာသီကျောင်းပိတ်ရက် အချိန်ကိုအကျိုးရှိစေရေး စာစီစာကုံး ရေးသားနည်း သင်တန်းဖွင့်လှစ်

News Image

  • နွေရာသီကျောင်းပိတ်ရက် အချိန်ကိုအကျိုးရှိစေရေး စာစီစာကုံး ရေးသားနည်း သင်တန်းဖွင့်လှစ်

ကျောက်ဆည် မတ် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက် အချိန်ကို အကျိုးရှိစေရေး ကျောင်းသား/ ကျောင်းသူများ အရေးစွမ်းရည် မြင့်မားပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာစီစာကုံး ရေးသားနည်းသင်တန်းကို ယနေ့နံနက်(၉)နာရီက အခမဲ့ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေး က ကျောင်းသား၊ ကျောင်းသူလူငယ်များ အရေးစွမ်းရည်မြင့်မားရေး၊တွေးခေါ်မှုစွမ်းရည်မြင့်မားရေး၊ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး၊  အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ကောင်းမွန်ပြည့်စုံသည့် စာစီစာကုံးတစ်ပုဒ် ရေးသားတတ်ရန် စာစီစာကုံးရေးသားနည်းသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြား ခဲ့ပြီး မြို့နယ် စာရေးဆရာအသင်း အဖွဲ့ဝင်ဦးမန်းခင်(ကျောက်ဆည်)က စာစီစာကုံးရေးသားရာ၌ သရုပ်ဖော် ရေးသားခြင်း၊ အကြောင်းအကျိုးဖော်ပြရေးသားခြင်း၊ အတွေးအခေါ်ဖြင့်ရေးသားဖော်ပြခြင်းစသည့် စာစီစာကုံး ရေးသားနည်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာစီစာကုံးရေးသားနည်းများ သင်ကြားပေးခဲ့ကြေင်း သိရသည်။

စာစီစာကုံးရေးသားနည်းသင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူ (၃၆)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မတ်လ (၂၃) ရက်နေ့မှ (၂၅) ရက်နေ့အထိ (၃)ရက်ကြာ စာတွေ့ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနမှ သင်တန်းသား/ သင်တန်းသူများအား စာရေးကိရိယာများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထက်ထက်(ကျောက်ဆည်)