ပွင့်ဖြူမြို့နယ်၌ စားတော်ပဲဧက ၁၈၅၀ ရိတ်သိမ်းပြီးစီး ၊ တစ်ဧကလျှင် ၁၈ ဒသမ ၀၁ တင်းထွက်ရှိ
ပွင့်ဖြူ မတ် ၂၄
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားတော်ပဲသီးနှံဧက ၃၄၈၀ စိုက်ပျိုးနိုင်ပြီး အဆိုပါ စားတော်ပဲစိုက်ခင်းများကို ဖေဖော်ဝါရီလမှ စတင်ရိတ်သိမ်းခဲ့ရာ ယခုအခါ ဧက ၁၈၅၀ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် ၁၈ ဒသမ ၀၁ တင်းထွက်ရှိကြောင်း သိရသည်။
“စားတော်ပဲသီးနှံ စိုက်ပျိုးတာနဲ့ပတ်သက်ပြီး အထွက်နှုန်းတိုးတက်စေဖို့၊ စိုက်ဧကတွေ တိုးချဲ့စိုက်ပျိုးနိုင်ဖို့ မျိုးကောင်း မျိုးသန့်တွေ စိုက်ပျိုးနိုင်အောင် ဆောင်ရွက်ပေးပါတယ်။ ရိတ်သိမ်းခြွေလှေ့ရာမှာလည်း အထွက်နှုန်းတွေလေလွင့် ဆုံးရှုံးမှုမဖြစ်အောင် စနစ်တကျရိတ်သိမ်းကြဖို့နဲ့ လိုအပ်တဲ့ ရိတ်သိမ်းခြွေလှေ့နည်း စနစ်များကိုလည်း ဆောင်ရွက်ပေးပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
ပွင့်ဖြူမြို့နယ်၌ စားတော်ပဲသီးနှံ စိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနက သီးနှံအထွက်နှုန်းများ တိုးတက်ရေး၊ မြေဩဇာနှင့် သွင်းအားစုများ မှန်မှန်ကန်ကန်သုံးစွဲတတ်စေရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေး၊အချိန်မီသီးနှံရိတ်သိမ်းနည်းပညာများ စသည့် တောင်သူအသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နှစ်စဉ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားတော်ပဲသီးနှံကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး သီးနှံစိုက်ပျိုးရာ၌ အချို့တောင်သူများက စားတော်ပဲကို သီးသန့်စိုက်ပျိုးကြသကဲ့သို့ နှစ်သီးစားဝင်ငွေရရှိရေးအတွက် အခြားသီးနှံများနှင့်ရောနှော၍ သီးထပ်သီးညှပ် စိုက်ပျိုးကြကြောင်း သိရသည်။
စားတော်ပဲသီးနှံကို နှစ်စဉ်တိုးချဲ့စိုက်ပျိုးကာ အထွက်နှုန်းများ တိုးတက်အောင် စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံတွင်း စားသုံးမှုဖူလုံစေမည့်အပြင် ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်သဖြင့် စားတော်ပဲကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း သိရသည်။
MWD
