ChatGPT ထုတ်လုပ်သူ OpenAI က နာမည်ကျော် Sora App ကို ရပ်ဆိုင်း
ChatGPT ကို ဖန်တီးခဲ့သည့် OpenAI ကုမ္ပဏီသည် ၎င်းတို့၏ နာမည်ကျော် AI ဗီဒီယိုဖန်တီးရေး App ဖြစ်သော Sora ကို ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ (မတ် ၂၅) တွင် တရားဝင် ကြေညာခဲ့သည်။
Sora သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှောင်းပိုင်းတွင် စတင်မိတ်ဆက်ခဲ့ပြီးနောက် AI နည်းပညာဖြင့် ဖန်တီးထားသည့် ရုပ်ထွက်အစစ်အမှန်နှင့် တူသော ဗီဒီယိုတိုများကြောင့် လူမှုကွန်ရက်ပေါ်တွင် အကြီးအကျယ်ရေပန်းစားခဲ့သည့်အပြင် iOS ၏ ဓာတ်ပုံနှင့် ဗီဒီယိုကဏ္ဍတွင်လည်း ထိပ်ဆုံးသို့ ရောက်ရှိခဲ့သည်။ သို့သော်လည်း တစ်ဖက်တွင်မူ အစစ်နှင့် မခြားတူသော ရုပ်သံအတု (Deepfakes) များ၊ သတင်းအမှားများနှင့် မူပိုင်ခွင့်ချိုးဖောက်မှုများအတွက် စိုးရိမ်ပူပန်မှုများစွာကို ဖြစ်ပေါ်စေခဲ့သည်။
Sora သည် အနုပညာရှင်များ၏ ပုံရိပ်ကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်းနှင့် ဖန်တီးမှုဆိုင်ရာ အလုပ်အကိုင်များ ထိခိုက်နိုင်ခြေရှိခြင်းတို့ကြောင့်ဝေဖန်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ အထူးသဖြင့် အမေရိကန် သရုပ်ဆောင်များအဖွဲ့ (SAG-AFTRA) နှင့် မူပိုင်ခွင့်အဖွဲ့အစည်းများ၏ ဖိအားပေးမှုကြောင့် မိုက်ကယ်ဂျက်ဆင်ကဲ့သို့သော လူသိများသည့် ပုဂ္ဂိုလ်များ၏ ပုံရိပ်များကို AI ဖြင့် ဖန်တီးခွင့်ကို OpenAI က ကန့်သတ်ခဲ့ရသည်။
Sora ကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလက Disney ကုမ္ပဏီနှင့် ချုပ်ဆိုခဲ့သော ဒေါ်လာ ၁ ဘီလီယံတန် Marvel နှင့် Star Wars ဇာတ်ကောင်များအသုံးပြုမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှာလည်း ပျက်ပြယ်သွားခဲ့ပြီဖြစ်သည်။ ယခုကဲ့သို့ Sora ကို ရပ်ဆိုင်းလိုက်ခြင်းသည် ယခုနှစ်နှောင်းပိုင်းတွင် ပြုလုပ်ရန်ရှိသော OpenAI ၏ အများပိုင်ကုမ္ပဏီအဖြစ် အစုရှယ်ယာရောင်းချခြင်း (IPO) မတိုင်မီ ပေါ်ပေါက်လာခြင်းဖြစ်သည်။
လေ့လာဆန်းစစ်သူများကမူ အဆိုပါခြေလှမ်းသည် AI ဗီဒီယိုဖန်တီးမှုတွင် ကုန်ကျစရိတ်ကြီးမားလွန်းသည့်အတွက် ကုမ္ပဏီ၏ အမြတ်အစွန်း ရရှိမှုကိုထိန်းသိမ်းရန် ကုန်ကျစရိတ်လျှော့ချခြင်းဖြစ်သည်ဟု ရှုမြင်ကြသည်။ လက်ရှိတွင် OpenAI သည် ပိုမိုအကျိုးအမြတ် ဖြစ်ထွန်းနိုင်သည့် AI လုပ်ဖော်ကိုင်ဖက် (AI Co-workers) ဆော့ဖ်ဝဲများနှင့် စက်ရုပ်နည်းပညာ (Robotics) ဘက်သို့ ဦးစားပေးအာရုံစိုက်ရန် ပြင်ဆင်နေသည်။ ကုမ္ပဏီအနေဖြင့် Sora App ရပ်ဆိုင်းမည့် အချိန်ဇယားနှင့် အသုံးပြုသူများ၏ ဗီဒီယိုများပြန်လည်သိမ်းဆည်းနိုင်မည့်အစီအစဉ်ကို မကြာမီ ထုတ်ပြန်ပေးသွားမည်ဟု ဆိုသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
