အာဆီယံ ဖူဆယ်ပြိုင်ပွဲကျင်းပမည့် ထိုင်းနိုင်ငံ၌ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ကြိုတင် လေ့ကျင့်မည်ဖြစ်ပြီး ကစားသမား ၁၇ ဦး ရွေးချယ်

News Image

  • အာဆီယံ ဖူဆယ်ပြိုင်ပွဲကျင်းပမည့် ထိုင်းနိုင်ငံ၌ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ကြိုတင် လေ့ကျင့်မည်ဖြစ်ပြီး ကစားသမား ၁၇ ဦး ရွေးချယ်

ရန်ကုန် မတ် ၂၇

 

မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းသည် ၂၀၂၆ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ ကျင်းပမည့် ထိုင်းနိုင်ငံသို့ ကြိုတင်သွားရောက်ကာ လေ့ကျင့်မှုပြုလုပ်မည်ဖြစ်ပြီး ကစားသမား ၁၇ ဦး ရွေးချယ်ထားသည်။

 

မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းသည် မတ် ၂၉ ရက်တွင် ထိုင်းနိုင်ငံသို့ ထွက်ခွာမည် ဖြစ်ပြီး ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသား အသင်းသည် မတ် ၁၄ ရက်မှစ၍ ပဏာမကစားသမား ၂၆ ဦးဖြင့် စတင်လေ့ကျင့်ခဲ့ပြီး ကစားသမား ကိုးဦး လျှော့ချကာ ထိုင်းနိုင်ငံသို့သွားရောက်ပြီး ပြိုင်ပွဲအတွက် အပြီးသတ်ကစားသမား ၁၄ ဦး ထပ်မံရွေးချယ်ရမည်ဖြစ်သည်။ ထိုင်းခရီးစဉ်သွားရောက်မည့် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ် အသင်းတွင် ဂိုးသမား - မိုင်းစိုးမြတ်ထွေး (MIU)၊ ကျော်ရဲသွေး (YCDC Dream Team)၊ ညီညီသန့် (TG United)၊ ကစားသမား - ဆက်ဝေယံ၊ မင်းခန့်သူ၊ ထွန်းအောင်ကျော်၊ သက်ထွန်း (MIU)၊ သိုင်းဘွဲ့အောင်၊ မင်းချစ်သူ၊ မျိုးမင်းလှိုင်၊ ထွန်းထွန်းဝင်း (M2K)၊ နိုင်ထွန်းလူ (SGF)၊ ဟဲမာဌေး (Team Lions)၊ ဝေယံဖြိုး၊ ကျော်ဇောသိန်း (VUC)၊ ကိုကိုလွင်၊ ထွဋ်ဝေထွန်း (YRG) တို့ ပါဝင်ကြသည်။

 

၂၀၂၆ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဧပြီ ၆ ရက်မှ ၁၂ ရက်အထိ ထိုင်းနိုင်ငံ၌ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (A)တွင် ထိုင်း၊ ဗီယက်နမ်၊ တီမောအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေကာ အုပ်စု (B) တွင် အင်ဒိုနီးရှား၊ သြစတြေးလျ၊ မလေးရှား၊ ဘရူနိုင်းအသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် ဧပြီ ၆ ရက်တွင် ဗီယက်နမ်အသင်း၊ ဧပြီ ၇ ရက်တွင် ထိုင်းအသင်း၊ ဧပြီ ၉ ရက်တွင် တီမောအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

သတင်း-ရှိုင်းထက်ဇော်

 

ဓာတ်ပုံ-MFF

MDN