အမျိုးသမီးများကို တရုတ်နိုင်ငံသားများနှင့် ပေါင်းသင်းနေထိုင်စေပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများနှင့် အမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ် ဆောင်ရွက်ရန် လိမ်လည်စည်းရုံးခေါ်ဆောင်သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်များ ချမှတ်

News Image

  • အမျိုးသမီးများကို တရုတ်နိုင်ငံသားများနှင့် ပေါင်းသင်းနေထိုင်စေပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများနှင့် အမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ် ဆောင်ရွက်ရန် လိမ်လည်စည်းရုံးခေါ်ဆောင်သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်များ ချမှတ်

နေပြည်တော် မတ် ၂၇

 

အမျိုးသမီးများကို တရုတ်နိုင်ငံသားများနှင့် ပေါင်းသင်းနေထိုင်စေပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ် ရယူခဲ့သူများနှင့် အမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ်ဆောင်ရွက်ရန် လိမ်လည်စည်းရုံး ခေါ်ဆောင်သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်းရပ်ကွက် ခရေပင်ရိပ်မွန်အိမ်ရာတွင် မမေမြတ်သူ (ခ) မေသူနှင့် တရုတ်နိုင်ငံသား Mr. SHAOXUAN တို့ လင်မယားသည် မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသားများနှင့် လက်ထပ်ပေါင်းသင်းစေပြီး ငွေကြေးအကျိုးအမြတ်များအား ခေါင်းပုံဖြတ် ရယူလျက်ရှိကြောင်း သတင်းရရှိသဖြင့် အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ရန်ကုန်) မှ တပ်ဖွဲ့ဝင်များက ပူးပေါင်းအဖွဲ့နှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ မြန်မာအမျိုးသမီး သုံးဦးကို တရုတ်နိုင်ငံသား သုံးဦးနှင့်အတူတွေ့ရှိခဲ့ရသည်။

ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်နေ အမျိုးသမီးတစ်ဦးကို သူငယ်ချင်းဖြစ်သူ အေးအေးထွေးက တရုတ်နိုင်ငံသားနှင့် လက်ထပ်ပါက ငွေကျပ်သိန်း ၁၀၀ ရရှိမည်ဖြစ်ပြီး ရွှေတစ်ဆင်စာပေးမည်ဖြစ်ကြောင်း၊ ကြိုတင်ငွေ သိန်း ၂၀ ပေးမည်ဟု ပြောဆိုစည်းရုံးခဲ့ကြောင်း၊ ကရင်ပြည်နယ် မြဝတီမြို့နေ အမျိုးသမီးတစ်ဦးသည် လူမှုကွန်ယက် TikTok ၌ အလုပ်အကိုင် ရှာဖွေခဲ့ရာ အမည်မမှတ်မိအကောင့်တစ်ခုမှ အထက်ပါအတိုင်း စည်းရုံးခဲ့ပြီး ရန်ကုန်သို့ လာရောက်ရန် ခေါ်ဆောင်သဖြင့် သွားရောက်ခဲ့ရာ မသဉ္ဇာဝင်း၊ မနှင်းဝေခိုင်၊ မလဲ့ရည်ဝင်းတို့နှင့် တွေ့ဆုံခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်နေ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်နေ တရုတ်မ (ခ) မသန်းသန်းစိုးထံ ဖုန်းဖြင့်ဆက်သွယ်၍ အလုပ်လုပ်ကိုင်လိုကြောင်း ပြောဆိုခဲ့ရာ အလားတူစည်းရုံးခံခဲ့ရကြောင်း၊ ထို့နောက် ၎င်းအမျိုးသမီးသုံးဦးကို စည်းရုံးခဲ့သူ အသီးသီးမှ မမေမြတ်သူ (ခ) မေသူနှင့် တရုတ်နိုင်ငံသား Mr. SHAOXUAN တို့ လင်မယားနေထိုင်သည့် အိမ်ရာသို့ ပို့ဆောင်ပေးခဲ့ရာ အမျိုးသမီးတစ်ဦးစီသည် တရုတ်နိုင်ငံသား Mr. Qin WeifengMr.Chen Li Bing နှင့် Mr. Shang Xu Dong ဆိုသူတို့နှင့် တစ်ဦးစီပေါင်းသင်းနေထိုင်ခဲ့ရကြောင်း၊ မမေမြတ်သူ (ခ)မေသူနှင့် တရုတ်နိုင်ငံသား Mr. SHAOXUAN တို့ လင်မယားက တရုတ်နိုင်ငံသားများထံမှ တရုတ်ယွမ် ၄၀၀၀၀ စီရယူခဲ့ပြီး မြန်မာအမျိုးသမီးများကို ငွေကျပ် သိန်း ၄၀ ခန့်နှင့် လာရောက် ပို့ဆောင်ပေးသူများကို ငွေကျပ် ငါးသိန်းမှ ၁၀ သိန်းခန့်စီပေးခဲ့ပြီး ကျန်ငွေကြေးအကျိုးအမြတ်များကို ခေါင်းပုံဖြတ်ရယူခဲ့ကြောင်း စိစစ်သိရှိရသဖြင့် အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ရန်ကုန်) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ မင်္ဂလာဒုံမြို့မရဲစခန်း(ပ)၁၈၀/ ၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး မတ် ၂၄ရက် တွင် မင်္ဂလာဒုံခရိုင် ခရိုင်တရားရုံးမှ တရားခံမေမြတ်သူ (ခ) မေသူနှင့် တရုတ်နိုင်ငံသား Mr. SHAOXUAN တို့ နှစ်ဦးကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ၊ တရုတ်နိုင်ငံသား Mr. Qin WeifengMr.Chen Li BingMr. Shang Xu Dong၊ သဉ္ဇာဝင်း၊ နှင်းဝေခိုင်နှင့် လဲ့ရည်ဝင်းတို့ခြောက်ဦးကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/ ၄၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ အေးအေးထွေးနှင့် သန်းသန်းစိုး (ခ) တရုတ်မ တို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေ ပုဒ်မ ၃၅/ ၄၄/ ကျင့် ၅၁၂ အရ ၈၇/ ၈၈  အတည်ပြု ထုတ်ဆင့်ခဲ့သည်။

 

အလားတူ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ရွာဟောင်းကန်ကျေးရွာနေ အမျိုးသမီးတစ်ဦးအား ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် ကမာပါကျေးရွာနေ မအေးချမ်းမြေ့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့ အေးသာယာမြို့ အမှတ် (၃) ရပ်ကွက်နေ မယမင်းထက် (ခ) မထက်တို့ နှစ်ဦးက တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ထမင်းဆိုင်၌ အလုပ်လုပ်လိုပါက တစ်လလျှင် ယွမ် ၃၅၀၀၊ မြန်မာငွေကျပ် ၁၈ သိန်းခန့် ရရှိမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးကာ တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံရှိ အမည်မသိ တရုတ်ပွဲစားအမျိုးသမီး၏ နေအိမ်တွင် နေထိုင်စဉ် မယမင်းထက် (ခ) မထက်က Wechat မှတစ်ဆင့် တရုတ်ယောက်ျားယူရမည်၊ ယွမ် ၃၀၀၀၀ ရမည်၊ တစ်နှစ်ပေါင်းသင်းရမည်ဟု ပြောကြားခဲ့ကြောင်း၊ ၎င်းက တရုတ်ယောက်ျား မယူလိုဘဲ နေအိမ်သို့ပြန်လိုကြောင်း ပြောကြားခဲ့ရာ လမ်းခရီးကုန်ကျစရိတ်များအား ပေးလျော်ရမည်ဟုပြောကြားခဲ့ကြောင်း၊ ထို့နောက် တရုတ်ပွဲစား အမျိုးသမီး၏နေအိမ်မှ ထွက်ပြေးကာ ၎င်းနှင့်ရင်းနှီးသူတစ်ဦး၏ နေအိမ်တွင် တစ်လခွဲခန့် ရှောင်တိမ်း နေထိုင်စဉ် တရုတ်ရဲတပ်ဖွဲ့က လာရောက်ခေါ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ် (၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မန္တလေး) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေရဲစခန်း (ပ) ၁၁၀/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ပို့ခဲ့ပြီး မတ် ၂၄ ရက်တွင် မဟာအောင်မြေခရိုင် တရားရုံးမှ တရားခံ ယမင်းထက် (ခ) မထက် ကို လူကုန်ကူးမှု တားဆီနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၁ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ အေးချမ်းမြေ့အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြု ထုတ်ဆင့်ခဲ့သည်။

 

 

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အောက်ဝါးနက်ချောင်း ကျေးရွာအုပ်စု အင်တန်းကျေးရွာနေ အမျိုးသမီးတစ်ဦးက မှတ်ပုံတင်ပြုလုပ်လို၍ အဒေါ်ဖြစ်သူ ဒေါ်နှင်းယုလွင်အား ဆက်သွယ်ခဲ့ရာ အဒေါ်ဖြစ်သူက ခရေပင်ရိပ်မွန် အိမ်ရာအတွင်းရှိ တိုက်အမှတ် (၁၀၂) သို့ ရောက်ရှိနေကြောင်း ပြောဆိုသဖြင့် အဆိုပါနေအိမ်သို့ သွားရောက်ခဲ့ရာ အဒေါ်ဖြစ်သူအား မတွေ့ရှိဘဲ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်းရပ်ကွက်နေ မမေမြတ်သူ (ခ) မေသူနှင့် ခင်ပွန်း ဖြစ်သူ တရုတ်နိုင်ငံသား Mr.Shao Xuan တို့အား တွေ့ရှိခဲ့ပြီး မမေမြတ်သူ (ခ) မေသူက ၎င်းအား တရုတ်ယောက်ျားယူပါက တင်တောင်းငွေကျပ်သိန်း ၁၀၀ ရရှိမည်၊ လက်ဝတ်ရတနာများ ဆင်ပေးမည်ဟု ပြောဆိုစည်းရုံးသဖြင့် သဘောတူခဲ့ကြောင်း၊ တစ်ပတ်ခန့်အကြာတွင် မမေမြတ်သူ (ခ) မေသူက ကြိုတင်ငွေသိန်း ၂၀ ပေးခဲ့ပြီး တရုတ်နိုင်ငံသား Mr.Li Wei နှင့် ပေါင်းသင်းနေထိုင်ခဲ့ရကြောင်း၊ (၅) လခန့် ပေါင်းသင်းနေထိုင်စဉ် မမေမြတ်သူ (ခ) မေသူက နိုင်ငံကူးလက်မှတ်စာအုပ်ပြုလုပ်ပေးခြင်း၊ ဗီဇာလျှောက်ထားခြင်း၊ ရွှေလက်စွပ်၊ ရွှေနားကပ် ပြုလုပ်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း၊ တရုတ် နိုင်ငံသားက မမေမြတ်သူ (ခ) မေသူအား အကျိုးဆောင်ခအဖြစ် ယွမ် ၄၀,၀၀၀ ပေးခဲ့ရကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ရန်ကုန်)မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ မင်္ဂလာဒုံမြို့မရဲစခန်း (ပ) ၁၈၁/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ပို့ခဲ့ပြီး မတ် ၂၄ ရက်တွင် မင်္ဂလာဒုံခရိုင်တရားရုံးမှ တရားခံမေမြတ်သူ (ခ) မေသူနှင့် Mr.Shao Xuan တို့ နှစ်ဦးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်စီ၊ တရားခံ တရုတ်နိုင်ငံသား Mr.Li Wei အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေ ပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

MDN