အီရန်ကို ပိုမိုပြင်းထန်စွာတိုက်ခိုက်သွားမည်ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီး ပြောကြား

News Image

  • အီရန်ကို ပိုမိုပြင်းထန်စွာတိုက်ခိုက်သွားမည်ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီး ပြောကြား

အီရန်၏ ဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အီရန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများသည် ပိုမိုပြင်းထန်လာပြီးနယ်ပယ်ချဲ့ထွင်သွားမည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးက သောကြာနေ့ (မတ် ၂၇) တွင် ပြောကြားခဲ့သည်။

"ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ ကျွန်တော်ဟာ အီရန် အကြမ်းဖက်စနစ်ကို အစ္စရေးအရပ်သားတွေအပေါ် ဒုံးကျည်တွေနဲ့ ပစ်ခတ်နေတာကို ရပ်တန့်ဖို့ သတိပေးခဲ့ပါတယ်၊ ဒီလိုသတိပေးချက်တွေ ရှိနေတဲ့ကြားက ပစ်ခတ်မှုတွေဆက်လက်ဖြစ်ပွားနေတာကြောင့် အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ (IDF) ရဲ့ အီရန်အတွင်း တိုက်ခိုက်မှုတွေဟာ ပိုမို ပြင်းထန်လာမှာဖြစ်သလို အစ္စရေးအရပ်သားတွေကိုတိုက်ခိုက်ဖို့ လက်နက်တွေထုတ်လုပ် တာနဲ့ အသုံးပြုတာတွေမှာ ကူညီပေးနေတဲ့ နောက်ထပ်ပစ်မှတ်တွေနဲ့ နယ်မြေတွေအထိပါ နယ်ပယ်ချဲ့ထွင်သွားမှာဖြစ်ပါတယ်" ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ် (Israel Katz) က ဗီဒီယို မိန့်ခွန်းတစ်ခုတွင် ပြောကြားခဲ့သည်။ နယ်ပယ်ချဲ့ထွင်မည့် စစ်ဆင်ရေးများတွင် မည်သည့်အရာများ ပါဝင်မည်ဆိုသည့် အသေးစိတ်အချက်အလက်ကိုမူ ကတ်ဇ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိပေ။

"ကျွန်တော်တို့ဟာ အကြမ်းဖက်အစိုးရရဲ့ ခေါင်းဆောင်တွေနဲ့ တပ်မှူးတွေကို ဆက်လက် ရှာဖွေချေမှုန်းသွားမှာဖြစ်သလို သူတို့ရဲ့ မဟာဗျူဟာမြောက် စွမ်းဆောင်ရည်တွေကိုလည်း ဖျက်ဆီးပစ်မှာပါ" ဟု ကတ်ဇ် က ဆက်လက်ပြောကြားခဲ့သည်။ အစ္စရေးသည် အမေရိကန်နှင့်အတူ ပူးပေါင်းကာ စစ်ပွဲစတင်ခဲ့ပြီးနောက် လွန်ခဲ့သည့် ၄ ပတ်နီးပါးခန့်ကတည်းက အီရန်အတွင်းရှိ ပစ်မှတ်များကို နေ့စဉ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ၏ စစ်ဆင်ရေးများသည် အီရန် အဆင့်မြင့်တပ်မှူးများကို ပစ်မှတ်ထားနေဆဲဖြစ်ပြီး ကြာသပတေးနေ့ (မတ် ၂၆) တွင်လည်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ရေတပ်တပ်မှူးကို သုတ်သင်နိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

ကိုးကား- CNN

Photo: Instagram

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂