စစ်ပွဲစတင်ကတည်းက အီရန်နိုင်ငံတွင် လူပေါင်း အနည်းဆုံး ၁,၉၀၀ သေဆုံးခဲ့ကြောင်း အီရန်ကြက်ခြေနီအသင်းက ပြောကြား
အမေရိကန်နှင့် အစ္စရေးတို့၏ ပူးပေါင်းစစ်ဆင်ရေးစတင်ခဲ့သည့် လွန်ခဲ့သော လေးပတ်နီးပါးကာလအတွင်း အီရန်နိုင်ငံတွင် လူပေါင်း အနည်းဆုံး ၁,၉၀၀ သေဆုံးကာ ၂၀,၀၀၀ ဒဏ်ရာရရှိခဲ့ကြောင်း အီရန် ကြက်ခြေနီအသင်းက ပြောကြားလိုက်သည်။
"လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေဟာ အရှိန်အဟုန်ဖြင့် ဆိုးရွားလာနေပါတယ်" ဟု အဆိုပါအဖွဲ့အစည်း၏ အီရန်နိုင်ငံ ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ မာရီယာ မာတီနက်ဇ် (Maria Martinez) က ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ "လူဦးရေ ၉ သန်းနီးပါးရှိတဲ့ တီဟီရန်မြို့ကြီးဟာ လုံးဝ ခြောက်ကပ်နေသလို ခံစားရပါတယ်" ဟုလည်း သူမက ဆိုသည်။
ကယ်ဆယ်ရေးသမားတစ်ဦးသည် တိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးသွားသော အဆောက်အအုံတစ်ခု၏ အပျက်အစီးများအောက်တွင် ၎င်း၏ မိသားစုဝင်များ၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း မာတီနက်ဇ် က ပြောကြားသည်။ "ကွမ် (Qom) မြို့မှာလည်း နောက်ထပ် ရှေးဦး ကယ်ဆယ်ရေးသမားတစ်ဦးဟာ ၎င်း၏ အဒေါ်နှင့် အဒေါ်ဖြစ်သူ၏ ခင်ပွန်း၊ နောက်ပြီး ကလေးငယ်တစ်ဦးတို့၏ အလောင်းတွေကို ရှာဖွေ ကယ်ဆယ်ခဲ့ရပါတယ်" ဟု သူမက ဖြည့်စွက်ပြောဆိုခဲ့သည်။
အမေရိကန်-အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဆေးဘက်ဆိုင်ရာအဆောက်အအုံ ၂၈၉ ခုအပြင်၊ ကျောင်းများနှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းပေါင်း ၆၀၀ ခန့် အပါအဝင် အရပ်ဘက် အခြေခံအဆောက်အအုံအများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း မာတီနက်ဇ်က ပြောကြားခဲ့သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်း၏ ဗဟိုဌာန ၁၇ ခု တိုက်ခိုက်ခံခဲ့ရပြီး လူနာတင်ယာဉ် ၁၀၀ နီးပါး ထိခိုက် ပျက်စီးခြင်း သို့မဟုတ် ဖျက်ဆီးခြင်း ခံခဲ့ရသည်။
စစ်ပွဲမစတင်မီကပင် အီရန်နိုင်ငံတွင် အဆမတန်မြင့်တက်နေသော ကုန်ဈေးနှုန်းကြီးမြင့်မှုမှာလည်း ယခုအခါ ပိုမိုဆိုးရွားလာခဲ့ကြောင်း မာတီနက်ဇ် က ဆိုသည်။ ထိုအခြေအနေကြောင့် "အစားအစာနှင့် ဆေးဝါးများ အပါအဝင် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများရရှိနိုင်မှုကို ပြင်းထန်စွာ အကန့်အသတ်ဖြစ်စေသည်" ဟု သူမက ဆိုသည်။ တစ်ချိန်တည်းမှာပင် အီရန်တောင်ပိုင်းရှိ အချို့သောမြို့ကြီးများတွင် ရေနှင့် လျှပ်စစ်မီး ပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက်များ ဆက်လက်ဖြတ်တောက်ခံထားရဆဲ ဖြစ်သည်။
အီရန်အစိုးရသည် စစ်ပွဲစတင်ခဲ့သည့် ပထမရက် အနည်းငယ် နောက်ပိုင်းမှစ၍ တရားဝင် ထိခိုက်သေဆုံးမှုစာရင်းများကို ထုတ်ပြန်ခြင်းမရှိပေ။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
