သွေးစစ်ရုံဖြင့် အယ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကို ၂၅ နှစ်လောက် ကြိုတင်ခန့်မှန်း
သွေးစစ်ရုံနဲ့တင် အယ်ဇိုင်းမားဖြစ်နိုင်ခြေရှိမရှိကို ၂၅ နှစ်လောက် ကြိုတင်ခန့်မှန်းနိုင်တဲ့ နည်းလမ်းအသစ်ကို ပညာရှင်တွေကရှာဖွေတွေ့ရှိလိုက်ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေဟာ သွေးတွင်းရှိ p-tau217 လို့ခေါ်တဲ့ ပရိုတိန်းတစ်မျိုးကို လေ့လာခဲ့ကြတာပါ။
ဒီပရိုတိန်းက ဦးနှောက်ထဲမှာ အယ်ဇိုင်းမားဖြစ်နိုင်ခြေနဲ့ပတ်သက်တဲ့ အစောပိုင်းပြောင်းလဲမှုတွေကို ဖော်ပြပေးနိုင်တာဖြစ်ပါတယ်။ အစပိုင်းမှာ မှတ်ဉာဏ်ကောင်းတဲ့ အမျိုးသမီးတွေကို ၂၅ နှစ်ကြာစောင့်ကြည့်လေ့လာခဲ့ရာသွေးထဲမှာ ဒီပရိုတိန်းပမာဏ မြင့်မားနေသူတွေအနေနဲ့ နောင်တစ်ချိန်မှာ စိတ်ဖောက်ပြန်ဖို့ အခွင့်အလမ်းပိုများနေတာတွေ့ရပါတယ်။
တချို့မှာ ရောဂါလက္ခဏာမပြခင် ၂၅ နှစ်လောက်ကတည်းက သွေးထဲမှာ ဒီအချက်ပြမှုကို တွေ့နေရတာပါ။ ဒါဟာ ရောဂါကတိတ်တဆိတ်နဲ့ စောစောစီးစီးစတင်နေတာကို ပြသနေတာလည်း ဖြစ်ပါတယ်။
သွေးစစ်တဲ့နည်းလမ်းဟာ တခြားသောစစ်ဆေးမှုတွေထက်ပိုလွယ်ကူပြီး အဆင်ပြေတာကြောင့် ရောဂါမဖြစ်ခင်မှာ ကြိုတင်ကာကွယ်နိုင်ဖို့ များစွာအထောက်အကူပြုနိုင်မှာပါ။ အခုလက်ရှိမှာ ဒီစစ်ဆေးမှုကို ဆေးခန်းတွေမှာ တရားဝင်အသုံးမပြုသေးပေမဲ့ နောင်မှာ အယ်ဇိုင်းမားဖြစ်နိုင်ခြေကို အမြစ်ပြတ်ကာကွယ်နိုင်ဖို့အထိ ရည်ရွယ်ပြီးတော့ ဆက်လက်လေ့လာလျက်ရှိပါတယ်။
MWD
