ခန္ဓာကိုယ်ထဲမှာတင် လိုအပ်တဲ့ဆေးဝါးတွေကို အလိုအလျောက် ထုတ်ပေးနိုင်မယ့် ကိရိယာအသစ်

News Image

  • ခန္ဓာကိုယ်ထဲမှာတင် လိုအပ်တဲ့ဆေးဝါးတွေကို အလိုအလျောက် ထုတ်ပေးနိုင်မယ့် ကိရိယာအသစ်

     ခန္ဓာကိုယ်ထဲမှာတင် လိုအပ်တဲ့ဆေးဝါးတွေကို အလိုအလျောက် ထုတ်လုပ်ပေးနိုင်မယ့် မျိုးစပ်ဇီဝကိရိယာအသစ်တစ်မျိုးကို သိပ္ပံပညာရှင်တွေ ရှာဖွေဖော်ထုတ်ဖန်တီးလိုက်ပါတယ်။ အမေရိကန်သုတေသီများတီထွင်လိုက်တဲ့ ဒီကိရိယာက နေ့စဉ်ဆေးသောက်စရာ ဒါမှမဟုတ် ဆေးထိုးစရာမလိုဘဲ ခန္ဓာကိုယ်ထဲမှာတင် ဆေးဝါးစက်ရုံလေးတစ်ခုလို အလုပ်လုပ်မှာပါ။ အထူးသဖြင့် HIV ခုခံအားကျဆင်းမှုကူးစက်ရောဂါ၊ ဆီးချိုရောဂါနဲ့ အစားအသောက်ထိန်းချုပ်ပေးတဲ့ ဆေးဝါးသုံးမျိုးကို တစ်ပြိုင်တည်း ထုတ်လုပ်ပေးနိုင်တာ ဖြစ်ပါတယ်။

HOBIT လို့ခေါ်တဲ့ဒီစနစ်ဟာ ကိရိယာထဲမှာရှိတဲ့ သက်ရှိကလာပ်စည်းတွေကို လျှပ်စစ်နည်းပညာနဲ့ ပေါင်းစပ်ပြီး အောက်ဆီဂျင်ကို အဆက်မပြတ်ထုတ်လုပ်ပေးတာကြောင့် ကလာပ်စည်းတွေ သေဆုံးခြင်းမရှိဘဲ ဆေးဝါးတွေကို ရက်သတ္တပတ်ပေါင်းများစွာကြာတည်ငြိမ်စွာ ထုတ်ပေးနိုင်တာပါ။ ကြွက်တွေနဲ့ စမ်းသပ်ကြည့်တဲ့အခါမှာလည်း အောက်ဆီဂျင်ပေးထားတဲ့ ကိရိယာထဲက ကလာပ်စည်းတွေဟာ ပုံမှန်ထက် ၃ ဆမကပိုပြီး အသက်ရှင်နေထိုင်နိုင်တာကို တွေ့ရပါတယ်။ ဒီနည်းပညာသာ အောင်မြင်သွားမယ်ဆိုရင် နာတာရှည်ရောဂါသည်တွေမှာ ဆေးခဏခဏသောက်နေရတဲ့ ဒုက္ခကနေ ကင်းဝေးသွားစေမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာစမ်းသပ်မှုတွေကို ပိုမိုတိုးမြှင့်လုပ်ဆောင်ပြီး လူသားတွေမှာပါ အသုံးပြုနိုင်အောင် ရည်မှန်းထားကြပါတယ်။

MWD