အီရန်၏ ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုကြောင့် ဆော်ဒီရှိ အမေရိကန် AWACS ထောက်လှမ်းရေးလေယာဉ် ပျက်စီးသွားကြောင်း သတင်းထွက်ပေါ်

News Image

  • အီရန်၏ ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုကြောင့် ဆော်ဒီရှိ အမေရိကန် AWACS ထောက်လှမ်းရေးလေယာဉ် ပျက်စီးသွားကြောင်း သတင်း ထွက်ပေါ်

ပြီးခဲ့သည့်သောကြာနေ့ (မတ် ၂၇) က ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ရီယာ့ဒ်မြို့အနီးရှိ Prince Sultan လေတပ်စခန်းကို အီရန်နိုင်ငံက ဒုံးကျည် နှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ အမေရိကန်လေတပ်၏ အဓိကကျသော E-3 Sentry AWACS ကွပ်ကဲမှုနှင့် ထိန်းချုပ်ရေးလေယာဉ်တစ်စင်း ၁၀၀ ရာခိုင်နှုန်း ပျက်စီးသွားပြီဖြစ်ကြောင်း အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကို ပဲ့ထိန်း ဒုံးကျည် ၆ စင်းနှင့် ဒရုန်း ၂၉ စင်း အသုံးပြု၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်စစ်သည် ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့အနက် ၅ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း AP သတင်းဌာနက ဖော်ပြထားသည်။

အမေရိကန် အခြေစိုက် Air & Space Forces Magazine နှင့် ပွင့်လင်း ရင်းမြစ် ထောက်လှမ်းရေးအဖွဲ့ (OSINTdefender) တို့၏ ဖော်ပြချက်များအရ အဆိုပါ ထောက်လှမ်းရေးလေယာဉ်၏ ရေဒါအပိုင်းရှိရာ အမြီးပိုင်းသို့ တိုက်ရိုက်ထိမှန်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လေယာဉ်ကိုယ်ထည် နှင့် အမြီးပိုင်းမှာပြတ်ထွက်သွားသည်အထိ ပြင်းထန်ခဲ့ကြောင်း သိရှိရသည်။ အီရန်နိုင်ငံပိုင် PressTV ကလည်း လေယာဉ်ပျက်စီးမှုကို ပြသသည့် ဂြိုဟ်တုဓာတ်ပုံများကို ထုတ်လွှင့်ခဲ့သော်လည်း အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ကမူ ယခုလေယာဉ်ဆုံးရှုံးမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးရန် ငြင်းဆိုထားဆဲဖြစ်သည်။

ပျက်စီးသွားသည်ဟု ဆိုသော E-3 Sentry လေယာဉ်သည် တစ်စင်းလျှင် ဒေါ်လာ ၂၇၀ သန်းခန့် တန်ဖိုးရှိပြီး အမေရိကန်၏ စစ်ဆင်ရေးများတွင် ကင်းထောက်ခြင်းနှင့် ဆက်သွယ်ရေးကွပ်ကဲမှုတို့အတွက် အလွန်အရေးပါသော လေယာဉ်အမျိုးအစားဖြစ်သည်။ Prince Sultan လေတပ်စခန်း သည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း အီရန်၏ တိုက်ခိုက်မှုကို သုံးကြိမ် တိုင်တိုင်ခံခဲ့ရပြီး ယခုတိုက်ခိုက်မှုမှာ "အမေရိကန်စစ်တပ်၏ ရန်လိုသောလုပ်ရပ်များကို တုံ့ပြန်ခြင်းဖြစ်သည်" ဟု အီရန်ဘက်က ဆိုသည်။ အဆိုပါ လေယာဉ်များမှာ သက်တမ်းရင့်နေပြီဖြစ်သဖြင့် ပင်တဂွန်စစ်ဌာနချုပ် အနေဖြင့် တစ်စင်းလျှင် ဒေါ်လာ သန်း ၇၀၀ ကျော်တန်ဖိုးရှိသော E-7 Wedgetail လေယာဉ်သစ်များဖြင့် အစားထိုးရန် စီစဉ်နေချိန်တွင် ယခုကဲ့သို့ ဆုံးရှုံးမှုနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂