အီရန်အတွင်း ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်မည့် မြေပြင်စစ်ဆင်ရေးများအတွက် အမေရိကန် ပြင်ဆင်နေ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်သည် တစ်လကြာစစ်ပွဲတွင် ရှုံးနိမ့်သွားပြီဖြစ်ပြီး လက်နက်ချရန်တောင်းဆိုနေပြီဟု ပြောကြားနေ သော်လည်း အမေရိကန်စစ်ဌာနချုပ် (Pentagon) သည် အီရန်နိုင်ငံ အတွင်း ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်နိုင်သည့် မြေပြင်စစ်ဆင်ရေး မူကြမ်းများကို လျှို့ဝှက်ရေးဆွဲလျက်ရှိကြောင်း ဝါရှင်တန်ပို့စ် (Washington Post) သတင်းစာက ဖော်ပြခဲ့သည်။
အဆိုပါ စစ်ဆင်ရေးသည် အလုံးအရင်းနှင့် ကျူးကျော်ဝင်ရောက်ခြင်းမျိုးမဟုတ်ဘဲ အထူးတပ်ဖွဲ့များနှင့် ခြေလျင်တပ်ရင်းများကို အသုံးပြုကာအဓိကကျသော ရေနံတင်ပို့ရာ Kharg ကျွန်းကို သိမ်းပိုက်ခြင်းနှင့် ဟော်မုဇ် ရေလက်ကြားအနီးရှိ အီရန်၏ ဒုံးကျည်လက်နက်တိုက်များကို ဖျက်ဆီးရန်အတွက် အကန့်အသတ်ဖြင့် စီးနင်းတိုက်ခိုက်ခြင်း (Limited Raids) များသာ ဖြစ်လာနိုင်ကြောင်း သိရှိရသည်။
တစ်ချိန်တည်းမှာပင် အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central Command) သည် အရှေ့အလယ်ပိုင်းဒေသသို့ စစ်အင်အားအလုံးအရင်းဖြင့် ဆက်လက် ဖြည့်တင်းလျက်ရှိသည်။ စနေနေ့ (မတ် ၂၈) အစောပိုင်းတွင် USS Tripoli ကမ်းတက်တိုက်ခိုက်ရေးသင်္ဘောသည် USS Abraham Lincoln လေယာဉ်တင်သင်္ဘောနှင့် သွားရောက်ပူးပေါင်းခဲ့ပြီး အဆိုပါအင်အားတွင် မရိန်းတပ်သား ၃,၅၀၀ ခန့်နှင့် တိုက်ခိုက်ရေးလေယာဉ်များ ပါဝင်လာသည်။ ထို့အပြင် USS Boxer အပါအဝင် အခြားသော ကမ်းတက် တိုက်ခိုက်ရေးအုပ်စုတစ်စုသည်လည်း ဒေသတွင်းသို့ ဦးတည်ရွှေ့လျားနေသကဲ့သို့ CBS နှင့် CNN တို့၏ အဆိုအရ တတိယမြောက် လေယာဉ်တင်သင်္ဘောအုပ်စုတစ်စုကိုလည်း စစ်ဆင်ရေးများတွင် ပါဝင်ရန် ထပ်မံစေလွှတ်နေပြီဖြစ်သည်။
ပြီးခဲ့သည့်လက အီရန်အပေါ် တိုက်ခိုက်မှုများကို ဦးဆောင်ခဲ့သော USS Gerald R. Ford လေယာဉ်တင်သင်္ဘောသည် မီးလောင်မှုကြောင့် ပြုပြင် ရန် ဆုတ်ခွာသွားခဲ့ရသဖြင့် ၎င်း၏နေရာတွင် USS George H.W. Bush က အစားထိုးဝင်ရောက်မည် သို့မဟုတ် အင်အားထပ်မံ ဖြည့်တင်းမည် ဆိုသည်မှာ စောင့်ကြည့်ရမည့်အခြေအနေတွင် ရှိနေသည်။ သမ္မတ ထရမ့်အနေဖြင့် အဆိုပါ မြေပြင်စစ်ဆင်ရေးအစီအစဉ်များကို ယခု ထက်ထိ အတည်ပြုခြင်းမရှိသေးသော်လည်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လီဗစ်ကမူ စစ်သေနာပတိချုပ်ဖြစ်သူ သမ္မတ အနေဖြင့် လိုအပ်ပါက အမြန်ဆုံး ဆုံးဖြတ်ချက်ချနိုင်ရန်အတွက် ရွေးချယ်စရာ နည်းလမ်းမျိုးစုံကို ပြင်ဆင်ထားခြင်းမှာ ပင်တဂွန်၏ တာဝန်သာ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
