ရန်ကုန်ဂေါက်သီးရိုက် အသင်း၏ (၁၁၇)ကြိမ်မြောက် Annual  At Home  အခမ်းအနားနှင့် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

News Image

  • ရန်ကုန်ဂေါက်သီးရိုက် အသင်း၏ (၁၁၇)ကြိမ်မြောက် Annual  At Home  အခမ်းအနားနှင့် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်    မတ်    ၂၉

     ရန်ကုန်ဂေါက်သီးရိုက်အသင်း၏ (၁၁၇)ကြိမ်မြောက်   နှစ်ပတ်လည်အသင်းသား၊အသင်းသူများ၏ ဂေါက်သီးရိုက်ပြိုင်ပွဲများကို မတ်လ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင်အဆိုပါဂေါက်ကွင်း၌ အောင်မြင်စွာကျင်းပခဲ့ပြီး ဆုပေးပွဲနှင့် ဂုဏ်ပြုညစာစားပွဲကို ယနေ့ညနေပိုင်းတွင် ဆက်လက်ကျင်းပသည်။

အခမ်းအနားတွင်    ရန်ကုန်ဂေါက်သီးရိုက်အသင်း Captain ဦးကိုကိုအေးက အဖွင့်နှုတ်ခွန်းဆက် အမှာစကားပြောကြားကာ Captain ဦးကိုကိုအေး၊ အတွင်းရေးမှူး ဦးခင်မောင်တင့်နှင့်    ဘဏ္ဍာရေးမှူး ဦးဇေယျာအောင်တို့က ၂၀၂၅ ခုနှစ်အတွက် ဝန်ထမ်းများ၏    Bonus   ဆုကြေးငွေကျပ် ၆၈၉၁၀၀၀၀ ကို ပေးအပ်ချီးမြှင့်သည်။

ထို့နောက်  အတွင်းရေးမှူး ဦးခင်မောင်တင့်က Annual At Home အတွက် ပါဝင်ကူညီကြသူ စေတနာရှင်များအား ကျေးဇူးတင်စကားပြောကြားပြီး ပါဝင်ကူညီသူများစာရင်းကို ကြေညာကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။ ယင်းနောက် ရန်ကုန်ဂေါက်သီးရိုက်အသင်းမှ Captain ဦးကိုကိုအေးက ယခင် Captain ဟောင်းများအား နေရာအရောက်   လက်ဆောင်ပစ္စည်းများကို ပေးအပ်သည်။

ဆက်လက်၍   ၂၀၂၅-၂၀၂၆  ခုနှစ်တွင်ကျင်းပသော ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် ဆုရရှိသူများကို ရန်ကုန်ဂေါက်သီးရိုက်အသင်း ပြိုင်ပွဲကျင်းပရေး  ဆပ်ကော်မတီဥက္ကဋ္ဌ ဦးကျော်ကိုကိုချစ်က ပေးအပ်ချီးမြှင့်သည်။ ထို့နောက် ၂၀၂၆   ခုနှစ် Professional အဆင့်အတွက် ဆုရရှိသူများကို  အတွင်းရေးမှူး ဦးခင်မောင်တင့်ကလည်းကောင်း၊ ၂၀၂၅ ခုနှစ်အတွက် Club Championship ဆုများကို နာယက ဦးဇော်မင်းကလည်းကောင်း၊ မတ်လ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ကျင်းပခဲ့သော Captain Cup ပြိုင်ပွဲတွင် ဆုရရှိသူများကို ရန်ကုန်ဂေါက်သီးရိုက်အသင်းမှ  Captain   ဦးကိုကိုအေးကလည်းကောင်း၊ ၂၉ ရက်တွင်  ကျင်းပခဲ့သောပြိုင်ပွဲများ၌  ဆုရရှိသူများကို ရန်ကုန်ဂေါက်သီးရိုက်အသင်း လုံခြုံရေး၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ပြန်ကြားရေးဆပ်ကော်မတီဥက္ကဋ္ဌ   ဦးတင်မောင်မောင်ဝင်းက လည်းကောင်း၊ ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ Hole In One ဆုရရှိသူများကို ရန်ကုန်ဂေါက်သီးရိုက်အသင်းမှ  ဂေါက်ကွင်း  စိမ်းလန်းစိုပြည်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးချန်ထွန်အောင်ကလည်းကောင်း    ဆုများပေးအပ်ချီးမြှင့်သည်။

ရန်ကုန်ဂေါက်သီးရိုက်အသင်း  နှစ်ပတ်လည် အသင်းသား၊ အသင်းသူများ၏ ဂေါက်သီးရိုက်ပြိုင်ပွဲ ရွှေအဆင့် (H’ Cap 0-12) ပြိုင်ပွဲတွင်  အားကစားသမား  ၂၇ ဦး၊ ငွေအဆင့်(H’ Cap 13–18) ပြိုင်ပွဲတွင် အားကစားသမား ၄၂ ဦး၊  ကြေးအဆင့် (H’ Cap 19-24) ပြိုင်ပွဲတွင် အားကစားသမား ၅၁ ဦး၊   အမျိုးသမီးပြိုင်ပွဲတွင်  အားကစားသမား ကိုးဦး၊ Professional  အဆင့်ပြိုင်ပွဲတွင်  အားကစားသမားခြောက်ဦး  စုစုပေါင်း အားကစားသမား ၁၃၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့်  ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)ကို  ၁၉၀၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး  သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၁၇ နှစ်ရှိ ဂေါက်ကွင်းတစ်ခုဖြစ်ကြောင်း  သိရသည်။

MWD